နေပြည်တော် ဒီဇင်ဘာ ၂၆
စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ယနေ့ နံနက် (၁၀)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌
ကျင်းပသည့် တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက်၍
အမှာစကားပြောကြားသည်။အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့်
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ
အကြီးအကဲများ တက်ရောက်ကြသည်။ရှေးဦးစွာ စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားသည်။
အဖွင့်အမှာစကား အပြည့်အစုံမှာ
အောက်ပါအတိုင်းဖြစ်သည်-၂၀၁၂ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ ပထမအကြိမ် စီမံကိန်း
ကော်မရှင် အစည်းအဝေးမှာ ပဉ္စမကာလတို (၅) နှစ်၊ အမျိုးသားစီမံကိန်း (မူကြမ်း) အပေါ်
ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရေးဆိုင်ရာများ၊ ကဏ္ဍစီမံကိန်းနှင့်
ဒေသန္တရ စီမံကိန်းဆိုင်ရာများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအလိုက်၊ ကဏ္ဍအလိုက် မူဝါဒ
ရယူလိုသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဆိုင်ရာများ၊ နှစ်အလိုက်
စီမံကိန်းများနှင့်အညီ ဘဏ္ဍာငွေ အရ-အသုံးစာရင်းများ ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာ
ကိစ္စရပ်များနဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
ရေးဆွဲဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပုဂ္ဂလိကကဏ္ဍ
ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသည့် အခြေအနေများနှင့် အစီအမံများ
ပြုစုပေးပို့ရေးဆိုင်ရာ ကိစ္စရပ်များ အပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။သြဂုတ်လ
ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးမှာတော့ ပထမ အကြိမ်
စီမံကိန်း ကော်မရှင် အစည်းအဝေးမှ ချမှတ်ခဲ့တဲ့ Reform Strategy နဲ့ ပတ်သက်ပြီး၊
မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် City Plan၊ Town Plan နဲ့ Village
Plan များ ရေးဆွဲပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ မြို့ပြနှင့်
ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးကို Conceptual Plan၊ ပင်မစီမံကိန်း Master Plan နဲ့
မြေယာ အသုံးချမှု မူဝါဒ (Land Used Policies)
များဆိုင်ရာ ကိစ္စရပ်များကို
အထူးအလေးထား ဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင် တိုင်းဒေသကြီး/ ပြည်နယ်များနှင့်
ကဏ္ဍဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများအကြား အချိတ်အဆက်မိမိ
ပေါင်းစပ်ဆောင်ရွက်ရေး၊ စီမံကိန်းများ ရေးဆွဲရာတွင် ဘက်စုံ၊ ကဏ္ဍစုံမှ
ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ရေး၊ သမရိုးကျ ရေးဆွဲနေတဲ့ အဆင့်ကနေပြီး
လက်ရှိမြေပြင်နဲ့ ထင်ဟပ်စေတဲ့ လုပ်ငန်းများ၊ အမှန်တကယ် ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ လုပ်ငန်းများ၊ ပြည်သူလူထုအတွက် အမှန်တကယ် QuickWin
ရရှိနိုင်တဲ့ လုပ်ငန်းနယ်ပယ်များကို ဦးစားပေး ဆောင်ရွက်ရေးကို အလေးထား
ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ဖော်ပြပါ နည်းလမ်းများနဲ့ ရေးဆွဲခဲ့တဲ့
စီမံကိန်းများကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများ၊ ပညာရှင်များ၊
လူထုလူတန်းစား အသင်းအဖွဲ့များနဲ့ လွှတ်တော် ကိုယ်စားလှယ် အားလုံးသိအောင် ချပြပြီး၊
အကြံဉာဏ် ပေးနိုင်အောင် ကျယ်ကျယ် ပြန့်ပြန့် ချပြ ဆွေးနွေး ထုတ်ပြန်
အကြံဉာဏ်ယူရန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း ဥပဒေ၊ မူဝါဒ လုပ်ထုံး
လုပ်နည်းများနှင့် လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ ထည့်သွင်း ဆွေးနွေးပြီး
ဖြစ်ပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်ကို ပြုပြင်
တည်ဆောက်လာခဲ့တာ ၁ နှစ် ၉ လ ကြာခဲ့ပြီ ဖြစ်ပါတယ်။ တဖက်မှာလည်း ပြီးခဲ့တဲ့ (၆) လ
တာကာလအတွင်း ကမ္ဘာ့နိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒများဟာ
ဘက်စုံ အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲတာကို အားရဖွယ် တွေ့မြင်ရပါတယ်။နိုင်ငံရဲ့
ဒုတိယအဆင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် မဟာဗျူဟာဖြစ်တဲ့ ပြည်သူ့ ဗဟိုပြု
ဖွံ့ဖြိုးမှု (People Centered Development) နည်းလမ်းနဲ့ ချဉ်းကပ် အကောင်အထည်
ဖော်ရာမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲရေး မူဘောင်
(Framework For Economic and Social Reform-FERS) ကို ရေးဆွဲပြီး ဖြစ်သလို
နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကာလတို (၅) နှစ် စီမံကိန်းအပြင်
ကာလရှည် နှစ် (၂၀) ကာလ (၂၀၁၁ မှ ၂၀၃၁) ထိ လွှမ်းခြုံတဲ့ အမျိုးသားဘက်စုံ
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Comprehensive Development Plan-NCDP) (၂၀၁၁-၂၀၃၁)
ကို နှစ် (၂၀) စီမံကိန်းရေးဆွဲလျက် ရှိပါတယ်။ ဒီအပြင် ဂျပန်-အာဆီယံ
ပေါင်းစည်းမှုရန်ပုံငွေ ဖြင့် ဂျပန်-အာဆီယံ နိုင်ငံတကာပညာရှင်များ ပူးပေါင်းပါ၀င်
ဆောင်ရွက်တဲ့ မြန်မာ့ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် (Myanmar
Comprehensive Development Vision- MCDV) (၂၀၁၁-၂၀၃၆) ကို တစ်ပြိုင်ထဲ
ရေးဆွဲနေတာဖြစ်လို့ နိုင်ငံတော်၏ ဘက်စုံလူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရန်
ခိုင်မာတဲ့ အစီအစဉ်များကိုရေးဆွဲ အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်လည်း စနစ်တကျ
ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ယခုလို စီမံကိန်းများ ရေးဆွဲရန်အတွက် မူ၀ါဒများ
ရွေးချယ်ရာမှ အချို့ဒွန်တွဲရနိုင်တာတွေ ရှိသလို အချို့သော လုပ်ငန်းရလဒ်များဟာ
တစ်ခုနဲ့တစ်ခု အားပြိုင်ပြီး ရွေးချယ်ရတာတွေ (Options) ရှိပါတယ်။ အထူးသဖြင့်
တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းများ ရေးဆွဲရာမှာ-
-
|
တိုးတက်မှု (သို့မဟုတ်) ညီမျှမှု (Growth Vs Equality)
|
-
|
စုစည်းတိုးတက်မှု (သို့မဟုတ်) ပျံ့နှံ့တိုးတက်မှု
(Concentration Vs Dispersion)
|
-
|
ပုဂ္ဂလိကကဏ္ဍ ဦးဆောင်မှုနှင့် အများပိုင်/နိုင်ငံပိုင်ကဏ္ဍ
ဦးဆောင်မှု (Private Sector Vs Public Sector Led)
|
-
|
ငွေကြေးအကူအညီနဲ့ အလုပ်အကိုင်ဖန်တီးပေးခြင်းလား (သို့မဟုတ်)
လုပ်သားများ ရွှေ့ပြောင်းမှု၊ စီးထွက်မှုကို လက်ခံမှု (Capital Aid Vs
Migration)
|
စတဲ့ မူဝါဒ ရွေးချယ်မှုများကို ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (People Centered Policies)
အမြင်ဖြင့် စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အလုပ်
အကိုင်အခွင့်အလမ်းများ ပေါများရေး၊ လွတ်လပ်သော ဈေးကွက်နဲ့ ဈေးနှုန်းများ
တည်ငြိမ်ရေး၊ ပြည်ပကုန်သွယ်မှု အဆင်ပြေ ချောမွေ့ရေးများ မူဝါဒများချမှတ်ပြီး
ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဒါ့အပြင်ပြည်ပ အရင်းအနှီးများ စီးဝင်လာစေရန်နှင့်
နည်းပညာ အတတ်ပညာ (Technical Knowhow) များ ရရှိရေးကိုလည်း အထူးဂရုပြု
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ဒီလိုဆောင်ရွက် အကောင်အထည်ဖော်ကြတဲ့နေရာမှာ ရရှိလာတဲ့
သဘာဝ သယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်၊ ငွေပင်ငွေရင်း စတဲ့ စွမ်းအားစုတွေ (Natural,
Human and Financial Resources) တွေကို အကောင်းဆုံး ပေါင်းစပ်သုံးစွဲနိုင်သူများက
ဖွံ့ဖြိုးတိုးတက် ကြပြီး အကောင်းဆုံး အသုံးပြုခွင့် မရသေးသူများက ဖွံ့ဖြိုးမှု
နောက်ကျကျန်နေခဲ့တာ ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့
ဖွံ့ဖြိုးမှု အစီအစဉ်များကို ပြန်ကြည့်ရင် ယခင်က လိုအပ်တဲ့ ဘဏ္ဍာငွေပင် ငွေရင်းကို
ပြည်တွင်းမှာဘဲ ဘက်ဂျက် ငွေလုံးငွေရင်းက သုံးစွဲခဲ့ရတဲ့အတွက် စိတ်သွားတိုင်း
ကိုယ်မပါနိုင်ခဲ့တာ၊ စီမံကိန်း (လုပ်ငန်း) ကို မူမတည်၊ ဦးစားပေး မလုပ်နိုင်ခဲ့ဘဲ
ဘက်ဂျက် ရရှိမှုပေါ် မူတည်ပြီး အကောင်အထည်ဖော် လုပ်ခဲ့ရတာ ယနေ့ကာလ အထိဘဲ ဖြစ်တာ
သတိပြုမိကြမှာ ဖြစ်ပါတယ်။လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာတော့ ပွင့်လင်းထင်သာလာတဲ့
ကမ္ဘာ့အခြေအနေနဲ့အညီ နိုင်ငံတကာ ဘဏ္ဍာရေး ဈေးကွက်နဲ့
ချိတ်ဆက်ဖွင့်ဟနိုင်ပြီဖြစ်လို့ ဖွံ့ဖြိုးမှုအတွက် အရင်းတည်ဆောက်မှု (Development
Financing and Capital Formation) ကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့
လုပ်လိုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်တွင်း ဘက်ဂျတ်ဇစ်မြစ်တစ်ခုထဲက
မဟုတ်တော့ဘဲ ပြည်ပငွေရင်းဇစ်မြစ်များနှင့် တိုးချဲ့ လုပ်ဆောင်နိုင်ကြပြီဖြစ်လို့
မိမိတို့ကဏ္ဍအလိုက်ရော ဒေသအလိုက် စီမံကိန်းများကိုပါ မည်သည့် လုပ်ငန်းများကို
မည်သည့်ဘတ်ဂျက်၊ မည်သည့် အထောက်အပံ့၊ မည်သည့်ချေးငွေဖြင့် လုပ်မည်ဆိုသည်ကို
သေချာစဉ်းစားစိစစ်ရွေးချယ် ညှိနှိုင်းဖို့လိုကြောင်း အလေးအနက် ပြောကြား လိုပါတယ်။ဒီလိုဆောင်ရွက်နိုင်ဖို့လဲ
၂၀၁၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်မှာ ပထမအကြိမ် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု
ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (First Myanmar Development Cooperation Forum) ကို
နေပြည်တော်မှာ ကျင်းပရန် စီစဉ်ထားပြီးဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှ ဖွံ့ဖြိုးမှု
မိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ စုံညီစွာ တက်ရောက်ဆွေးနွေးပြီး
ဖွံ့ဖြိုးရေးလုပ်ငန်းစဉ််များကို ဆွေးနွေးဆုံးဖြတ်ပြီး ကာလတို၊ ကာလလတ်နဲ့
ကာလရှည်ဖွံ့ဖြိုးရေး အစီအစဉ်များ၊ စီမံကိန်း၊ စီမံချက်များကို ညှိနှိုင်း၊
ဘဏ္ဍာငွေ စီမံချက်များ ရေးဆွဲ ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ဒါ့အပြင် ၂၀၁၃ ခုနှစ်
ဘဏ္ဍာနှစ်သစ်ကစပြီး ကဏ္ဍအလိုက်ရော၊ ဒေသအသီးသီးမှာရော ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်ကြဖို့ အတွက် ဒီအစည်းအဝေးနဲ့
မနက်ဖန်ကျင်းပမည့် နိုင်ငံခြားအကူအညီ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးမှာ
ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းသွားကြဖို့ ပြောကြားရင်း
နိဂုံးချုပ်လိုက်ပါတယ်။ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက
ယခုနိုင်ငံတော် သမ္မတ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိမိတို့အစိုးရသစ်သည်
သက်တမ်း(၂)နှစ် ပြည့်ခါနီးကာလအတွင်း တိုးတက်မှု မြောက်များစွာ ရရှိပြီးဖြစ်သည်ကို
အားလုံးအသိ ဖြစ်ပါကြောင်း နိုင်ငံတော်အစိုးရ၏
ရုံးလုပ်ငန်းယန္တရား လည်ပတ်မှုယခုထက် ချောမွေ့အောင်ဆိုလျှင် ဝန်ကြီးဌာန၏
လုပ်ငန်းအချို့ကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများသို့ လုပ်နိုင်အောင်
လွှဲပြောင်း ပေးနိုင်သည်များ လွှဲပြောင်းပေးခြင်း၊ ဝန်ကြီးဌာနများမှ
မနိုင်မနင်းဖြစ်နေသော နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့
လွှဲပြောင်းပေးခြင်း၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရေး၊ အဂတိ အမှုအခင်းများ
လျော့နည်း သွားအောင် ကြပ်မတ်ခြင်း၊ One Stop Service အစီအစဉ်၊ e-Government
အစီအစဉ် မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်အောင် တွန်းအားပေးခြင်း၊ ဗဟိုအဆင့်အနေဖြင့်
ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများ၏ Capacity မြှင့်တင် ပေးနိုင်မဲ့ သင်တန်းများ
များများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။တိုင်းဒေသကြီး/ပြည်နယ်
အစိုးရအဖွဲ့ ယန္တရားအတွင်း တွေ့မြင်ရသည့် အခက်အခဲများမှာ
ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းများကို ကြီးကြပ်လုပ်ကိုင်နိုင်ခွင့် အားနည်း
နေခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခု၏ ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲမှုမှာ
ပြည်ထောင်စု အစိုးရတစ်ခုလုံး သုံးစွဲငွေ၏ ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြားသာ
သုံးစွဲရသည်ကို တွေ့ရသည့်အတွက် ပိုမို သုံးစွဲနိုင်အောင် နည်းလမ်း ရှာဖွေကြရန်
လိုအပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် အဓိကကျသော အစိုးရအဖွဲ့
အတွင်းရေးမှူးသည် တိုင်းဒေသကြီး / ပြည်နယ် အစိုးရ၏ တိုက်ရိုက် သက်ဆိုင်သော
ဝန်ထမ်းမဟုတ်ဘဲ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ ဝန်ထမ်း ဖြစ်နေခြင်းကြောင့်
မလိုလားအပ်သောကြန့်ကြာမှု များရှိတတ်ခြင်းတို့ ဖြစ်ပါကြောင်း။
အထက်ပါ
အချက်များအားလုံးကို စိစစ်ပြီးပြောင်းလဲသင့်သည့်များ ပြောင်းလဲပါမှ နိုင်ငံတော်
အစိုးရယန္တရား ပိုမိုသွက်လက်လာနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်
မလုပ်မဖြစ် လုပ်ရမည့် နိုင်ငံပိုင်စီးပွားရေးမှလွဲ၍ ဝန်ကြီးဌာနပိုင်
စီးပွားရေးလုပ်ငန်းတွင် ရှုံးနေခြင်း၊ မရှုံးသော်လည်း အမြတ်အနည်းငယ်သာ
ရှိနေခြင်းမျိုးရှိလျှင် အချိန်ဆွဲမထားဘဲ ပုဂ္ဂလိကကဏ္ဍသို့ ရောင်းချ/ ငှားရမ်းပေးခြင်း၊
ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်သင့်ပြီ
ဖြစ်ပါကြောင်း။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှသာလျှင် ယင်းနှင့်အတူ
လိုအပ်သောနည်းပညာ၊ အလုပ်အကိုင် အခွင့်အလမ်းများဝင်လာမည် ဖြစ်သည့်အတွက်
နိုင်ငံတော်၏ သဘာဝ အရင်းအမြစ် အခြေခံသည့် စီးပွားရေးမှ စက်မှုအခြေခံ၊
ပညာရပ်အခြေခံစီးပွားရေးသို့ တက်လှမ်းနိုင်မည် ဖြစ်ပြီး
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်ဒေသ၏ ပညာရေး၊
ကျန်းမာရေး၊ လူမှုစီးပွားဘဝ တိုးတက်လာအောင် အထောက်အကူပြုမည် ဖြစ်ပါကြောင်းဖြင့်
ဆွေးနွေးတင်ပြသည်၊ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စီးပွားရေးနှင့်
လူမှုဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာအရေးပါသည့် ဦးစားပေး လုပ်ငန်းစဉ်
တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ အထူးအသိ အမှတ်ပြုလျက်ရှိသည့် မြန်မာနိုင်ငံ၏
နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းသည်ထက်
အားကောင်းလာစေရန် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု
ရလဒ်ကောင်းများဖြင့် ထောက်ကူပေးရန် လိုအပ်ပါကြောင်း။နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးပါဝင်သည့်
ဖွံ့ဖြိုးတိုးတက်မှု Inclusive Growth ဖြစ်ရန် အရေးကြီးပါကြောင်း၊
အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုသည် လူမှုရေးနှင့် နိုင်ငံရေး
အကျိုးတရားများကို ဆောင်ကြဉ်းပေးနိုင်သည့် စီးပွားရေးအကျိုးအမြတ်များ မျှတစွာ
ခွဲဝေမှု လုပ်ငန်းစဉ်ကို ချောမွေ့စေပါကြောင်း၊ လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး
အစီအစဉ်တစ်ခုဖြစ်သည့် Community Driven Development စီမံကိန်းကိုလည်း
ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ ထားပြီး ဖြစ်ပါကြောင်း။ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာမှသာ စီးပွားရေးကဏ္ဍ တစ်ခုချင်းစီ ဖွံ့ဖြိုး
တိုးတက်လာမည် ဖြစ်ပြီး၊ ထိုမှတစ်ဆင့် လူထုအတွက် လက်ဆုပ် လက်ကိုင်ပြနိုင်သည့်
အကျိုးရလဒ် Tansible benefit များ ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း၊
လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံလိုအပ်ချက်များမှာ စွန့်ဦးတီထွင်မှု
Entrepreneurship၊ ဆန်းသစ်တီထွင်မှု Innovation နှင့် ကောင်းမွန်သော အုပ်ချုပ်ရေး
Good Governance တို့ပင် ဖြစ်ပါကြောင်း၊ နိုင်ငံ၏ရေရှည် စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော အုပ်ချုပ်ရေး Good Governance ရှိရန်
အထူးလိုအပ်လှပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။ယင်းနောက် အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း) ရေးဆွဲ ဆောင်ရွက်မှု
အခြေအနေနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း၏ ပထမ ခြောက်လပတ်အထိ
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ရှင်းလင်းတင်ပြသည်။ဆက်လက်၍ ဘဏ္ဍာရေးနှင့်
အခွန်ဝန််ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နှစ်စဉ်
အမျိုးသားစီမံကိန်းများနှင့်အညီ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံးစာရင်း များ ရေးဆွဲ
ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းတင်ပြသည်။ထို့နောက် ၂၀၁၃-၂၀၁၄
ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ(မူကြမ်း) အပေါ် တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဥက္ကဋ္ဌများက
ဆွေးနွေး တင်ပြကြသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က စီးပွားရေးနှင့်
လူမှုရေး ပြုပြင်ပြောင်းလဲမှု အတွက် အခြေခံမူဘောင်(၁၀)ချက်ကို လည်းကောင်း၊
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good
Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ပေါ်လာရေးအတွက်
ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏လုပ်ငန်း
စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်သည့်
အစိုးရအုပ်ချုပ်မှု ယန္တရား အဆိုပြုပုံစံကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။ထို့နောက်
တိုင်းဒေကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်း၊ ဒေသဥက္ကဋ္ဌများက ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းရေးဆွဲဆောင်ရွက်
အကောင်အထည် ဖော်နိုင်မှု အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။ယင်းနောက်
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ သမ္မတရုံး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးအောင်မင်း၊
ဦးလှထွန်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်နှင့် သမဝါယမ
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့က ကဏ္ဍအလိုက် စီမံကိန်း ရေးဆွဲ
အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။ထို့နောက်
အစည်းအဝေးကို ညနေ (၆) နာရီတွင် ရပ်နားပြီး အစည်းအဝေး ဒုတိယနေ့ကို ဒီဇင်ဘာ (၂၇) ရက်
နံနက်ပိုင်းတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား