img.emoticon { padding: 0; margin: 0; border: 0; }

Monday, December 3, 2012

တရားမဝင် ကုန်စည်တင်သွင်းမှုများ ရပ်ဆိုင်းသွား၍ ဈေးကွက် လက်ကျန်ကုန်စည်များ ဈေးတက်


နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ၌ တရားမဝင် တင်သွင်းလာခဲ့သည့် ကုန်စည်များအား Mobile Team အဖွဲ့များ၏ ကြပ်မတ် စစ်ဆေးမှုများကြောင့် တင်သွင်းသူများ အားနည်းသွားသည့်အတွက် နယ်စပ်သွင်း စားသောက်ကုန် ကုန်စည်အချို့ ဈေးနှုန်း မြင့်တက်လာလျက် ရှိနေပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်မည့် ကိုယ်ပိုင် သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်ကတ်များ ရရှိသည့် အချိန်ကျမှသာ ပြန်လည် ဈေးနှုန်း ကျဆင်းလာနိုင်ကြောင်း တင်သွင်းသူ ကုန်သည် အသိုင်းအဝိုင်းမှ သိရှိရသည်။ နယ်စပ်ကုန်သွယ်ရေးများမှ တရားမဝင် ပြည်တွင်းသို့ တင်သွင်းရောင်းချမှုများ များပြားလာနေသည့် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ဌာနမှ အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ Mobile Team အဖွဲ့များ ဖွဲ့စည်းပြီး နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်သည့် မြဝတီနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း စသည်တို့တွင် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီးသည့် နောက်ပိုင်းတွင် တရားမဝင် တင်သွင်းသည့် ကုန်သည်အများစုမှာ ကုန်စည် တင်သွင်းခြင်းအား ဆိုင်းငံ့ထားကြပြီး လက်ကျန် ကုန်စည်များကိုသား ဖြန့်ဖြူး ရောင်းချလျက်ရှိနေကြောင်း တင်သွင်းသူများထံမှ သိရှိရသည်။ “ဒီဇင်ဘာ ၁ ရက်မှာ မြဝတီမှာရော၊ မူဆယ်မှာရော ကိုယ်ပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ်တွေ ထုတ်ပေးသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကုမ္ပဏီ တည်ထောင်ထားခြင်း မရှိသေးတဲ့သူ မည်သူမဆို လာပြီး လျှောက်ထားနိုင်ပါတယ်။ မှတ်ပုံတင်ကြေး ငွေကျပ် ၅၀၀၀၀ ကို သက်ဆိုင်ရာ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနရုံးတွေမှာ ပေးသွင်းပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် တစ်နှစ် သတ်မှတ်ပေးထားပါတယ်။ ကုန်သွယ်ခွင့်ရရှိသူ တစ်ဦးအနေနဲ့ တစ်ရက်ကို ငွေကျပ် ၁၀ သိန်းထက် မများတဲ့ ကုန်သွယ်ခွင့်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြထားကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။





No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား