အတိုးနှုန်းမြင့်မားသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် လက်ရှိဘဏ်တိုးနှုန်း ၁၃
ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ
စတင်လျော့ချပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအပေါ်
ထိရောက်သက်သာသည့် ချေးငွေအဖြစ် ကျပ်ငွေ ငါးဘီလျံအား ၈ ဒသမ ၅ ရာခိုင်နှုန်း
အတိုးဖြင့် သက်သာစွာ ထုတ်ချေးနိုင်ရေးအတွက် အစိုးရအဖွဲ့ထံ တင်ပြရာ
ကျပ်ငွေငါးဘီလျံအတွက် ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် SME လုပ်ငန်းများအတွက် ချေးငွေပေးအပ်ရာတွင်
အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်နေသော်လည်း အိမ်နီးချင်းနိုင်ငံများ၏ SME
ဘဏ်ချေးငွေများမှာ ၁ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်း ၀န်းကျင်အတွင်းသာ
ရှိနေသဖြင့် SME များ၏ ဘဏ်ချေးငွေအပေါ် လျော့ချပေးခဲ့ခြင်းဖြစ်ကြောင်းလည်း
သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ SME များ၏ အဓိကအားနည်းချက်များမှာ
ဘဏ်ချေးငွေရသည့် သက်တမ်းကာလတိုသည့်အတွက် လုပ်ငန်းလည်ပတ်နိုင်မှု ခက်ခဲခြင်း၊
လိုအပ်သည့် ချေးငွေပမာဏအား ဘဏ်များမှ မရရှိခြင်း၊
ဘဏ်တိုးနှုန်းမြင့်မားခြင်း၊ ချေးငွေရယူနိုင်ရန် ဘဏ်သို့ လိုအပ်သည့်
အာမခံပစ္စည်း မပေးနိုင်ခြင်း၊ စီမံခန့်ခွဲမှုအားနည်းခြင်း၊
စာရင်းဇယားမရှိခြင်းစသည့် အားနည်းချက်များ ရှိနေကြောင်းလည်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသိန်းဇော်က
ပြောကြားခဲ့သည်။
အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ အမြန်ဆုံး
ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ချေးငွေများ တိုးမြှင့်ထုတ်ချေးနိုင်ရေးအတွက်
ဂျာမနီနိုင်ငံ GIZ (German International Cooperation) မှ ယူရို ၄ ဒသမ ၅
သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံရှိ စက်မှုလက်မှု လုပ်ငန်းများအနက် ၈၈ ဒသမ ၈၈ ရာ
ခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖြစ်သည့်အတွက်
အဆိုပါ လုပ်ငန်းငယ်များ မြှင့်တင်နိုင်ရန်အတွက် မြန်မာ့စက်မှုလက်မှု
ဖွံ့ဖြိုးတိုးတက်ရေးဘဏ်အား SME Bank အဖြစ် မြို့ကြီးအချို့တွင်
ပြောင်းလဲဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အသေးစားနှင့်
အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး
ဒေါ်အေးအေးဝင်းက ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံရှိဘဏ်များမှ ကဏ္ဍအလိုက် ချေးငွေများ ထုတ်ချေးရာတွင်
စက်မှုလက်မှုကဏ္ဍအတွက် ထုတ်ချေးငွေမှာ စုစုပေါင်းချေးငွေ၏ ၂၀ ဒသမ ၁၄
ရာခိုင်နှုန်းအထိ ရှိနေပြီး ကျပ် ၇၅၅ ဘီလျံကျော်အထိ ထုတ်ချေးပေးထားကြောင်း
သိရသည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစွာ
လည်ပတ်နိုင်ရေးအတွက် ဘဏ်များမှ ခွင့်ပြုထားသည့် လက်ရှိချေးငွေ
သက်တမ်းတစ်နှစ်ကိုလည်း ကာလ ရှည် တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။
Tuesday, December 18, 2012
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် လက်ရှိဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်လျော့ချပေးမည်
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား