
ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံများသို့ပါ တင်ပို့သည့် ဆန်သိုလှောင်ရုံတစ်ခုအား တွေ့ရစဉ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှစတင်၍ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ ပို့ကုန်ပစ္စည်းအမျိုးအစား ၇၇၈၇ မျိုးအတွက် အကောက်ခွန်ဖြေလျော့မှု ပေးခဲ့သော်လည်း မြန်မာမှတောင်းဆိုခဲ့သည့် ဆန်နှင့်ပြောင်းမပါဝင်ကြောင်းနှင့် ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များနှင့် လက်ဝတ်ရတနာတို့မှာမူ အဆိုပါအကောက်ခွန် ဖြေလျော့မှုတွင် ပါဝင်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံမှ တရုတ်သို့တင်ပို့သည့် ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုထုတ်ကုန်များအပြင် လက်ဝတ်ရတနာတို့မှာ အကောက်ခွန်ဖြေလျော့ပေးမှု အကျိုးခံစားခွင့်ရရှိသဖြင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
စီးပွား/ကူးသန်းဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ တင်ပို့သည့် ဆန်၊ ပြောင်းတို့နှင့်ပတ်သက်၍ ဈေးကွက်ဝင်ရောက်ခွင့်ရရှိရေး၊ မြန်မာ့ကျောက်မျက်ရတနာနှင့် ရေထွက်ကုန်ပစ္စည်းအချို့အပေါ် မြင့်မားသည့် အကောက်ခွန်နှုန်းထားများ ဖြေလျော့ရေး၊ စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်မှုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့အပြင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်၊ သတ္တုများ၊ ကျွန်းသစ်နှင့် ကျောက်မျက်ရတနာများ ၀ယ်ယူနေပြီး မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းများ၊ အ၀တ်အထည်နှင့်ဆေးဝါးများကို တင်သွင်းနေကြောင်း သိရှိရသည်။
http://www.news-eleven.com
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား