img.emoticon { padding: 0; margin: 0; border: 0; }

Saturday, December 1, 2012

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် နိုင်ငံတော်သမ္မတ ဖွဲ့စည်း

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၉၂/၂၀၁၂ ဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ နိုင်ငံရေးပါတီခေါင်းဆောင် ၂ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ၂ ဦး၊ အစိုးရ အရာရှိ ၈ ဦး၊ တပ်မတော်မှ အရာရှိကြီး ၁ ဦး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ၂ ဦး၊ စာရေးဆရာ ၁ ဦး၊ Myanmar Enviromental Institute မှ ၂ ဦး၊  မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ၁ ဦး၊ Myanmar Peace Centre မှ  ၁ ဦးနှင့် ဒေသခံ ၃ ဦးတို့ပါဝင်ကြောင်း သိရသည်။

ယင်းကော်မရှင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ထားပြီး အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးစစ်မြိုင်အား တာဝန်ပေးအပ်ထားကြောင်း သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်းရှိမရှိ၊ ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိမရှိ၊ ကြေးနီစီမံကိန်းရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းများ၊ ဆန္ဒဖော် ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့် အပေါ်သုံးသပ်ချက်၊ ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်မသင့်၊ နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊ ကော်မရှင်၏ အထွေထွေသုံးသပ် တင်ပြချက်နှင့် အကြံပြုချက်များကို စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာရေးသားကာ ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ နိုင်ငံတော် သမ္မတထံ ပေးပို့သွားရမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆို တစ်ရပ်ကို NLD ပါတီမှ နိုဝင်ဘာ လ ၂၃ ရက်နေ့က ပြုလုပ်သော ပြည် သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ကာ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဒေသခံများ ကျန်းမာရေးထိခိုက်ခြင်းနှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ဖျက်ဆီးခံရသည်ဟုဆိုကာ ၂၀၁၂ ခုနှစ် မတ်လမှစ၍ စီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သောကြောင့် အစိုးရမှတားမြစ်နယ်မြေအဖြစ် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ တားမြစ်ခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ သံဃာတော်များမှ ယင်းတားမြစ် ဧရိယာအတွင်း သပိတ်စခန်းများဖွင့်လှစ်ကာ ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့ပြီး အစိုးရက နိုဝင်ဘာလ ၂၇  ရက်နေ့ ည ၁၂ နာရီနောက်ဆုံးထားကာ သပိတ်စခန်းများ ဖျက်သိမ်းပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့်  နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များအပါအ၀င် ရာဂဏန်းဝန်းကျင် ထိခိုက် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဖြိုခွင်းခဲ့ခြင်းမှာ ၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်မှုများကို အကြီးမားဆုံး အင်အားသုံး ဖြိုခွင်းမှုဖြစ်ခဲ့ပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် လူပုဂ္ဂိုလ်များမှ ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့ကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဒေသများသို့ သွားရောက်ကာ ဒေသခံများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လုံခြုံရေးအရာရှိကြီးများ၊ ဒဏ်ရာရရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
သီတဂူဆရာတော်၊ ရွှေည၀ါဆရာတော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များလည်း ယင်းဒေသသို့ သွားရောက်ခဲ့ပြီး ဒဏ်ရာရသူများအား တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကာ ဆေးဝါးနှင့် အသုံးအဆောင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်သမ္မတ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး နာရီပိုင်းအတွင်းတွင် ၈၈ မျိုးဆက်ကျောင်းသားများက  လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့ရန် မိမိတို့အနေဖြင့် တောင်းဆိုခဲ့ကြောင်း၊ ယခုဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ပါဝင်ဆောင်ရွက်လိုသည့် ဆန္ဒမရှိပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။https://www.facebook.com/ElevenMediaGroup
\ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့် ကြော်ငြာစာ အမှတ်၊ ၉၂/၂၀၁၂

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    နိုင်ငံတော်သမ္မတရုံး

    အမိန့်ကြော်ငြာစာ

    အမှတ်၊ ၉၂/ ၂၀၁၂

    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်

    (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)


    စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

    (က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်

    (ခ) ဦးလွန်းသီ အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်

    (ဂ) ဦးသန်းမြင့် အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်

    (ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်

    (င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်

    (စ) ဦးခင်မောင်ရီ အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်

    (ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

    မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်

    (ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်

    ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

    (ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်

    အထွေထွေအတွင်းရေးမှူး

    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

    (ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်

    Chairman, Myanmar Environmental Institute

    (ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်

    သံအမတ်ကြီး (ငြိမ်း)

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

    (ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်

    Senior Consultant on Social Assessment

    Myanmar Environmental Institute

    (ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်

    စာရေးဆရာ

    (ဎ) ဦးဝင်းထိန် အဖွဲ့ဝင်

    ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန

    သတ္တုတွင်းဝန်ကြီးဌာန

    (ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်

    ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန

    လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

    (တ) ဦးတင်မြင့် အဖွဲ့ဝင်

    ဒုတိယညွှန်ကြားရေးမှူးချုပ်

    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန

    (ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်

    ဒုတိယညွှန်ကြားရေးမှူးချုပ်

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

    (ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်

    ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)

    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

    (ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်

    ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

    ပညာရေးဝန်ကြီးဌာန

    (န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်

    Myanmar Peace Center

    (ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်

    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

    (ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်

    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

    (ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်

    ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန

    ကျန်းမာရေးဝန်ကြီးဌာန

    (ဘ) ဦးနေဦး အဖွဲ့ဝင်

    ဒုတိယညွန်ကြားရေးမှူး

    စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

    ပြည်ထဲရေးဝန်ကြီးဌာန

    (မ) ဦးဝင်းကြည် အဖွဲ့ဝင်

    ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး

    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

    (ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်

    ကာကွယ်ရေးဝန်ကြီးဌာန

    (ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်

    ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်

    ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (ဝ) ဦးဘိုဌေး အဖွဲ့ဝင်

    တုံရွာမ၊ တုံကျေးရွာအုပ်စု

    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

    (သ) ဦးစစ်မြိုင် အတွင်းရေးမှူး

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

    ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-

    (က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊

    (ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊

    (ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊

    (ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊

    (င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊

    (စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊

    (ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

    (ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။

    ၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။

    ၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။

    ပုံ

    သိန်းစိန်

    နိုင်ငံတော်သမ္မတ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား