နိုင်ငံတစ်ခု၏ ငွေကြေးလဲလှယ်မှု
နှုန်းထားဆိုသည်မှာ အမှန်အားဖြင့် နိုင်ငံခြားငွေကြေး ဟုခေါ်သော
ကုန်စည်ဖလှယ်ရေး ကိရိယာတစ်ခု၏ ကုန်ဈေးနှုန်းသာ ဖြစ်ပေသည်။
ထိုကုန်ဈေးနှုန်း၏ သဘောမှာ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားကို မူတည်၍
အတက် သို့မဟုတ် အကျ ဖြစ်တတ်ပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင်
ထိုငွေကြေးဈေးနှုန်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအားတည်းဆိုသော
အကြောင်းကြောင့် ဖြစ်ရသည့် အကျိုးသာ ဖြစ်ပေသည်။
ငွေကြေးဈေးနှုန်းသည် ရောဂါလက္ခဏာသာ ဖြစ်ပြီး ရောဂါဇာစ်မြစ်သည် ဝယ်လိုအား သို့မဟုတ် ရောင်းလိုအားတွင် တည်ရှိပါသည်။
နိုင်ငံတစ်ခု၏ ငွေကြေးလဲလှယ်မှု နှုန်းထားကို ပညာရှင်အမျိုးမျိုးက နောက်ခံ မက်ခရိုစီးပွားရေး အခြေအနေပေါ် မူတည်၍ နှုန်းရှင် (Float) ၊ တစ်ပိုင်းတစ်စ နှုန်းရှင် (Semi Float)၊ စီမံထားသော နှုန်းရှင် (Managed Float) ဟု အမည်အမျိုးမျိုး တပ်၍ စီမံခန့်ခွဲကြလေ့ ရှိသော်လည်း အခြေခံ စည်းမျဉ်းတစ်ရပ်မှာ သဘာဝတရားသဖွယ် ဖြစ်သော ဈေးကွက်၏ အဆုံးအဖြတ်ကို နာခံကြရခြင်း ဖြစ်သည်။ ဈေးကွက်သည် သဘာဝတရား၏ တုံ့ပြန်မှု ဖြစ်သောကြောင့် မည်သူ၏ အမိန့် သို့မဟုတ် စီမံခန့်ခွဲမှုကိုမျှ နာခံလေ့ မရှိပေ။ ထို့ကြောင့် နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထားနှင့် ပတ်သက်၍ ပြောကြလျှင် အဆုံးတွင် ဈေးကွက်ကသာ ဆုံးဖြတ်လိမ့်မည်ဆိုသော သဘောကို မမေ့အပ်ပေ။ သို့မဟုတ်ပါက အသစ်သတ်မှတ်သော နှုန်းထား A ၊ အကောက်ခွန် ဦးစီးဌာန သတ်မှတ်သော နှုန်းထား B ၊ ဈေးကွက် နေ့စဉ်ပေါက်ဈေး C ဟူ၍ ထပ်မံ ဖြစ်ပေါ်လာဦးမည်သာ ဖြစ်ပေသည်။

ဤနေရာတွင် နိုင်ငံခြားငွေဟု ခေါ်ကြသော ကုန်စည်တစ်မျိုး၏ ဝယ်လိုအားနှင့်
ရောင်းလိုအားကို မည်သည့် အကြောင်းအရာများက သက်ရောက်မှု ရှိနေသနည်း
ဆိုသောအချက်ကို ဆန်းစစ်ရန် လိုပါသည်။
ပထမဦးစွာ အလေးထားရမည့် အချက်မှာ ငွေကြေးဖောင်းပွမှု ဖြစ်သည့် ဒေါ်လာဈေးခေါ် နိုင်ငံခြားငွေကြေး ဈေးနှုန်းသည် ကုန်ဈေးနှုန်းသာ ဖြစ်၍ ငွေဖောင်းပွမှု ရှိလျှင် ကုန်ဈေးနှုန်းလည်း တက်လိမ့်မည်ဆိုသော သဘောဖြစ်သည်။ အခြားအရေးကြီးသော အချက်များမှာ နိုင်ငံ၏ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၏ ကုန်သွယ်မှုလိုငွေ သို့မဟုတ် ပိုငွေ ဖြစ်သည်။ ကုန်သွယ်မှုလိုငွေ ပြနေလျှင် နိုင်ငံခြားငွေ အနုတ်အသိမ်း များ၍ ဈေးတက်တတ်သည်။ မြန်မာနိုင်ငံတွင်မူ နိုင်ငံ၏ ကူးသန်း ရောင်းဝယ်မှုအများစု Black သို့မဟုတ် Gray (မှောင်ခို) ဖြစ်နေသောကြောင့် ကုန်သွယ်မှု လိုငွေပိုငွေကို သိရှိရန် မလွယ်ကူလှပေ။ ဈေးကွက်တို့ မည်သည်မှာ သဘာဝတရား ဖြစ်၍ မည်သည့် ဟန့်တားပိတ်ပင်မှုကိုမျှ နာခံလေ့ မရှိရာ မြန်မာနိုင်ငံတွင်းသို့ အချိုမှုန့်၊ ကိုကာကိုလာ၊ ဘီယာ၊ စီးကရက်နှင့် မော်တော်ယာဉ်မျိုးစုံ ဝင်လာမြဲ ဝင်လာနေခြင်း ဖြစ်သော်လည်း ကုန်သွယ်မှု ကိန်းဂဏန်းများတွင် သွားရောက် ပေါ်လွင်နေသည် မဟုတ်ပါ။ နယ်စပ်မှ ဝင်နေသော ကုန်စည်အများစုမှာ စာရင်းပျောက် အင်းပျောက် ဖြစ်နေပြီး ဆိပ်ကမ်းမှ တင်သွင်းနေသော ကုန်ပစ္စည်းများမှာလည်း အဆင်ပြေသလို ဖော်ပြနေကြခြင်းသာ ဖြစ်ရာ (ဥပမာ - သွင်း တော့ကား ကြေညာတော့ တစ်ရှူးပေပါ) ကုန်သွယ်မှု လိုငွေပိုငွေကို သိရှိရန် မလွယ်ပြန်ပေ။ (ဤအချက်မှာ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများအပေါ် ကန့်သတ်ချက် အမျိုးမျိုး ချမှတ်ထားခြင်းကြောင့် ဖြစ်သည်။) ထိုထက်ပို၍ ပြည်ပ ငွေပေးငွေယူရှင်းတမ်းကို သိရှိရန်မှာ ပို၍ မလွယ်လှပေ။ မြန်မာနိုင်ငံ ပြင်ပတွင် အလုပ်လုပ်နေသော မြန်မာလေးသန်းခန့်က မိသားစုထံ လွှဲပို့သော ငွေကြေးပမာဏ တစ်ခုလုံး နိုင်ငံ၏ ပြည်ပ ငွေပေးငွေယူ ရှင်းတမ်းတွင် ပေါ်ပေါက်နေသည် မဟုတ်ပေ။ (ဤအချက်မှာ ပြည်ပမှ ဝင်လာငွေအပေါ် ၁၀ ရာခိုင်နှုန်း ဆီးကြိုကောက်ခံ နေသောကြောင့် ဖြစ်သည်။)
ဈေးကွက်အတွင်း ဒေါ်လာ အနုတ်အသိမ်း၊ ကျပ်ငွေ အနုတ်အသိမ်း၊ ကုန်သွယ်မှုပိုငွေ သို့မဟုတ် လိုငွေ၊ ပြည်ပငွေပေးငွေယူ ရှင်းတမ်းစသည့် ထိုကိန်းဂဏန်းများ အမှန်အကန် ရရှိပါက ဈေးကွက်တည်းဆိုသော ရေစီးကြောင်းက ဆုံးဖြတ်သည့် ငွေကြေးဈေးနှုန်းများကို အလိုက်သင့် ဝင်ရောက်၍ တည့်မတ်ပေးနိုင်သော နည်းနာများ ရှိသေးသောကြောင့် ဈေးကွက်ပြုသမျှ ခံရသည့် သဘောသက်သက်တော့လည်း မဟုတ်ပါ။ သို့သော် ထိုသို့စီမံနိုင်ရန် သတင်း အချက်အလက်နှင့် လက်နက် အစုံအလင် ရှိရသည်။ ဗဟိုဘဏ်ကို ၎င်းနှင့် လုံးလုံး မသက်ဆိုင်သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ခွဲထုတ်ခြင်း၊ ဗဟိုဘဏ် အထက်ရှိ ကြိုးနီစနစ်ကို ဖြုတ်ချပေးခြင်း စသည်များ ရှိခဲ့လျှင် နိုင်ငံ၏ ငွေကြေးဈေးနှုန်းကို တည်ငြိမ်အောင် ဖန်တီး၍ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုနှင့် ယုံကြည်မှုတို့ကို အလွယ်တကူ ဖမ်းစားနိုင်ပါသည်။
များစွာသေချာသော အချက်မှာ ငွေကြေးလဲလှယ်မှု ကိစ္စသည် ရောဂါလက္ခဏာ ဖြစ်၍ ရောဂါ၏ ဇာစ်မြစ်ကို သိရန်လိုအပ်ခြင်း ဖြစ်သည်။ ရောဂါဇာစ်မြစ်တို့မှာလည်း အမြဲတစေ တစ်ခုထက်မက ရှိနေရာ ထိုဇာစ်မြစ်အားလုံးကို တစ်ပြိုင်နက်တည်း မကိုင်တွယ်နိုင်လျှင် မတို့ထိဘဲ ထားခြင်းက ပိုကောင်းပေသည်။ မည်သို့ပင်ဖြစ်စေ ဈေးကွက်နှင့် ဈေးနှုန်းဟူသော ရေစီးကြောင်းမှာမူ သူ့သဘောနှင့်သူ သင့်လျော်သလို ဆက်လက် စီးဆင်းနေလိမ့်ဦးမည်သာ ဖြစ်သည်ဆိုသော အချက်ကို သတိမူအပ်ပါသည်။
အောက်ထစ်ဆုံး စတင်သင့်သည်မှာ သဘာဝမကျသော နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် အကန့်အသတ်နှင့် ဘဏ်က ဆီးကြို ကောက်ခံနေ သော ၁၀ ရာခိုင်နှုန်းတို့ကို ဖြေလျှော့ပေးသည့် နည်းလမ်း ဖြစ်သည်။ ထိုအခါ ဘဏ်များတွင် နိုင်ငံခြားငွေ စာရင်းတစ်ခု ဖွင့်လှစ်ခွင့် လွယ်ကူ ရှင်းလင်းသွားပြီး ငွေကြေး စီးဝင်စီးထွက်မှု ပုံသဏ္ဌာန်တစ်ခု (Trend) ပုံပေါ် လာပါလိမ့်မည်။ ထိုအခါတွင် ငွေကြေးလဲလှယ်မှု နှုန်းထား မည်သို့ ဖြစ်သင့်သည်ကို အဖြေရှာရန်လည်း လွယ်ကူသွားနိုင်ပါသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား