ဆောင်ရန် – တတ်နိုင်တယ်ဆိုရင် ကိုယ့်ဝယ်မယ့်
ဒိုမိန်းအမည်ရဲ့ စကားလုံးတွေမှာ ကိုယ်နေတဲ့ ဒေသ (သို့)ကိုယ့်လုပ်ငန်းနဲ့
ပတ်သက်တဲ့ keywords တွေထည့်သွင်း ဝယ်ယူသင့်ပါတယ်
ကိုယ့် စီးပွားရေး လုပ်ငန်းက နေရာဒေသတစ်ခု အပေါ်မှာ အခြေတည်ထားတယ်။ အဲဒီ
နေရာဒေသမှာ ရှိတယ်ဆိုတာကို သိစေချင်တယ်ဆိုရင် အဲဒီနေရာဒေသ အမည်ကို
ကိုယ့်ရဲ့ ဒိုမိန်းအမည်မှာ ထည့်သွင်း ဝယ်ယူသင့်ပါတယ်။ ဥပမာ – ရန်ကုန်မှာ
ကျင်းပတဲ့ barcamp အတွက် barcampyangon သော်လည်းကောင်း yangonbarcamp
သော်လည်းကောင်း ဝယ်ယူတာမျိုးပါ။
နောက်တစ်မျိုးက ကိုယ့်စီးပွားရေးလုပ်ငန်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့
စကားလုံး(Keyword) တွေကို ထည့်သွင်း ဝယ်ယူတာပါ။ ဥပမာ – မောင်မောင်က
ပန်းချီဆရာဆိုရင် maungmaungpainter ဆိုတာမျိုး paintermaungmaung
ဆိုတာမျိုး ရွေးချယ် ဝယ်ယူသင့်ပါတယ်။ နေရာဒေသ တစ်ခုကို ရွေးချယ်ပြီး
ဝယ်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်စီးပွားရေး လုပ်ငန်းနဲ့ ဆက်စပ်ပြီး ဝယ်တာပဲ
ဖြစ်ဖြစ် Search Engine များက တစ်ဆင့် ရှာဖွေတဲ့အခါ ပိုပြီးလွယ်ကူစေမှာ
ဖြစ်ပါတယ်။
ဆောင်ရန် – မိမိဝယ်ယူမယ့် ဒိုမိန်းအမည်ရဲ့ ပိုင်ရှင်ကို မိမိကိုယ်ပိုင် အနေဖြင့်သာ မှတ်ပုံတင်သင့်ပါတယ်
တစ်ချို့သော စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ ဒိုမိန်းလိပ်စာတွေကို
ဝယ်ယူတဲ့အခါမှာ အမှားအယွင်းတွေ ပြုမိတတ်ကြပါတယ်။ ဒိုမိန်းလိပ်စာတွေ
ဝယ်ယူတဲ့အခါမှာ ကိုယ့်အသိ မိတ်ဆွေ၊ အပေါင်းအသင်း၊ Third Party စသည်ဖြင့်
ပုဂ္ဂိုလ်တွေက တစ်ဆင့် ဝယ်ယူတတ်ကြပါတယ်။ အဲဒီလို ဝယ်ယူတဲ့အခါမှာ
ဒိုမိန်းလိပ်စာ ပိုင်ရှင်အမည်နေရာမှာ ကိုယ်ပိုင်မဟုတ်ပဲ အခြားတစ်ယောက်ယောက်
ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ဒိုမိန်းလိပ်စာဆိုတာ ပိုင်ဆိုင်မှုတစ်ခု
ဖြစ်ပါတယ်။ အခြား အိမ်တွေ ကားတွေပိုင်သလို ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပါတယ်။
ပိုင်ဆိုင်မှုက ဘာမှမဟုတ်ပါဘူးဆိုပြီး မေ့ထားလို့ မရတဲ့အထဲမှာ
ဒိုမိန်းအမည်ကလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုယ်နာမည်နဲ့ မဟုတ်တဲ့
ပိုင်ဆိုင်မှုကို ပြန်လည်ရောင်းချတဲ့ နေရာမှာလဲ အခက်အခဲတွေ
အများကြီးရှိမယ်ဆိုတာ သတိထားဖို့ လိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အဲဒီလို အမှားအယွင်း ဖြစ်မိတဲ့အတွက်
တွေ့ကြုံလာရတဲ့ အဖြစ်အပျက် တစ်ခုကို ပြန်ဖောက်သည် ချချင်ပါတယ်။
ဂရေဟမ်ဟန့်ဆိုသူ စီးပွားရေးသမား တစ်ယောက်ဟာ ၂၀၀၀ ခုနှစ်မှာ
အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတစ်ခုကို စပိန်နိုင်ငံမှာ
စတင်လုပ်ကိုင်ခဲ့ပြီး သုံးနှစ်အကြာမှာ နှစ်ယောက်တစ်ပိုင်းရှိတဲ့ Web Team
တစ်ခုကို Website တည်ဆောက်ဖို့ ငှားရမ်းခဲ့ပါတယ်။ အဲဒီ ငှားရမ်းပြီး
တည်ဆောက်ခိုင်းတဲ့ နေရာမှာ သူမရွေးချယ်လိုက်မိတဲ့ တစ်ချက်ကတော့
ဒိုမိန်းအမည်ကို မိမိကိုယ်ပိုင်အဖြစ် ဝယ်ယူပါမယ်ဆိုပြီး မရွေးချယ်မိပါဘူး။
ဒီတော့ ကိုယ်မပိုင်တဲ့ လိပ်စာနဲ့ ကိုယ်ပိုင်Website စတင်ခဲ့ပါတယ်။
သုံးနှစ်လောက်ကြာတော့ ဒိုမိန်းဆိုတာ ကိုယ်ပိုင်ဖြစ်ဖို့ လိုတယ်လို့
သိလာပါတယ်။ အဲဒီလို သိလာတဲ့အချိန်မှာ အရင် Web Team ကနေ ဝယ်တော့ ဒေါ်လာ
၆၀၀၀ လောက် အကုန်အကျခံပြီး ပြန်ဝယ်လိုက်ရပါတယ်။ ကိုယ်ပိုင်သင့်တဲ့
ဒိုမိန်းအတွက် မကုန်သင့်ပဲ ကုန်ရတဲ့ ပိုက်ဆံ ဖြစ်ပါတယ်။ တကယ်တန်း စကတည်းကသာ
ဝယ်ခဲ့မယ်ဆိုရင် ၁၅ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်။
ဆောင်ရန် – ကိုယ်မှတ်ပုံတင်ထားတဲ့ ဒိုမိန်းလိပ်စာကို အချိန်မှီ မှတ်ပုံပြန်တင်ဖို့ မမေ့ပါနဲ့
ဒိုမိန်းအမည်ကို မှတ်ပုံတင်တဲ့အခါမှာ အများအားဖြင့် တစ်နှစ်စာ
မှတ်ပုံတင်လေ့ရှိပါတယ်။ အဲဒီလို မှတ်ပုံတင်လိုက်ပြီး နောက်နှစ်တွေမှာ
အကြောင်းအမျိုးမျိုးကြောင့် မေ့တတ်ကြပါတယ်။ Website ကို
တင်လိုက်ပြီးနောက်ပိုင်း လှည့်မကြည့်ဖြစ်တော့တာ၊ Website ကတော့
ပုံမှန်လည်ပတ်နေပြီး မှတ်ပုံတင်တဲ့နေ့ကို မေ့ပြီး ပြန်မှတ်ပုံမတင်ဖြစ်တာ
စသည်ဖြင့် အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းက
လူတွေ အဲဒီထက်ဆိုးတာက Credit Cardလိုမျိုးတွေ
မရှိတာကြောင့် Auto Renew လို့ခေါ်တဲ့ သူ့အလိုလို မှတ်ပုံတင်တာကို
ခွင့်ပြုထားတာမျိုးလဲ လုပ်လို့မရပါဘူး။ ဒီနေရာမှာ စကားစပ်မိလို့
ပြောရမယ်ဆိုရင် ကျွန်တော့် အတွေ့အကြုံပါ။ ကျွန်တော် Yahoo မှာ
ဒိုမိန်းတစ်ခု ဝယ်တုန်းက ဝယ်စမှာတော့ ၁၀ ဒေါ်လာပဲပေးရပါတယ်။
အဲဒီလိုဝယ်တာကိုလဲ ဒီက ဝယ်လို့ မရတဲ့အတွက် နိုင်ငံခြားက သူငယ်ချင်းကို
ဝယ်ခိုင်းပါတယ်။ သူငယ်ချင်းကလဲ ကူညီတဲ့အနေနဲ့ ဝယ်ပေးပြီး Auto-renew ကို
ဖွင့်ထားမိပါတယ်။ နောက်နှစ်ကျတော့ တစ်နှစ်စာ ဒေါ်လာ ၃၄ဒေါ်လာ
ဖြတ်သွားတယ်လို့ သူငယ်ချင်းက ပြောပါတယ်။ အဲဒီကြမှ ကြည့်မိတာ တကယ့်ကို
နောက်နှစ်တွေကြရင် ၃၄ ဒေါ်လာ ပေးရမယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ကျွန်တော်လဲ
အမြင်ကပ်တာနဲ့ ချက်ချင်း Cancel လုပ်လိုက်ပါတယ်။ အဲဒီလို ဝယ်တဲ့နေရာမှာ
နှစ်စဉ်နှစ်တိုင်း ဘယ်လောက် ပေးရမယ်ဆိုတာကိုလဲ တစ်ခါတည်း သေသေချာချာ
ကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
ဝယ်တဲ့ဖက်မှာလဲ အဲဒီလို ဂရုစိုက်ဖို့ လိုသလို ပြန်လည်မှတ်ပုံတင်တဲ့အခါမှာလဲ
မမေ့ဖို့ သတိထားဖို့ လိုပါတယ်။ ဒိုမိန်းတွေကို ဝယ်တဲ့နေရာတွေမှာ Back
Order ဆိုတာ ရှိပါတယ်။ Back Order ဆိုတဲ့ သဘောက ဒိုမိန်းတစ်ခုကို
ဝယ်ချင်ပါတယ်လို့ အဆိုပြုထားတာပါ။ ကျွန်တော်အောက်မှာ နမူနာပြထားပါတယ်။
Myanmartorials.com ကို Backorder နဲ့ ဝယ်ထားမယ်ဆိုရင် ၄၉.၉၅ ဒေါ်လာ
ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီလို BackOrder ဆိုတဲ့ အဓိပါယ်က မူလပိုင်ရှင်
ရှေ့ဆက်ပြီး မှတ်ပုံဆက်မတင်တော့ဘူးဆိုရင် တစ်ခါတည်း ကြိုမှာထားလို့
ရတဲ့သဘောပါ။ ကိုယ့်က မေ့ပြီး မှတ်ပုံပြန်မတင်ဖြစ်တဲ့အခါ Backorder
လုပ်ထားတဲ့သူ ရသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ ဒိုမိန်းက မဖြစ်မနေ လိုအပ်တယ်။
ဒါပေမယ့် Backorder သမားဆီ ပါသွားပြီ။ အဲဒီလို အခြေအနေဆိုရင် backorder
သမားနဲ့ညှိရပါတော့မယ်။ အဲဒီလို Backorder တွေလိုက်ဝယ်ပြီး Aftermarket
ဒိုမိန်းဈေးကွက်ကလဲ အတော့်ကို မသေးတဲ့ ဈေးကွက်ဖြစ်ပါတယ်။
တစ်ချို့တွေဆိုရင် နာမည်ကြီးသူတွေ မဝယ်ရသေးတဲ့ ဒိုမိန်းတွေကို လိုက်ဝယ်
နာမည်ကြီးတဲ့သူက ဆက်သွယ်တဲ့အခါ မတန်တဆဈေးနဲ့ ပြန်ရောင်း စသည်ဖြင့်
လုပ်ကြတာတွေ ရှိပါတယ်။ အဲဒါကို Domain Hunting (ဒိုမိန်း အမဲလိုက်ခြင်း)
လို့ ခေါ်ကြပါတယ်။ အဲဒီတော့ ဝယ်မယ်ဆိုရင် သေသေချာချာ ကြည့်ဝယ်သင့်ပြီး
ဝယ်ပြီးတဲ့အခါမှာလဲ ပြန် မှတ်ပုံတင်ဖို့ မမေ့ပါနဲ့။
ရှောင်ရန် – (-) dashes တွေ၊ အတိုကောက်စာလုံးတွေ၊ ဂဏ္ဍန်းတွေ ဒိုမိန်းလိပ်စာတွင် ထည့်သွင်း ဝယ်ယူခြင်း
(-) လိုဟာတွေ၊ အတိုကောက် စာလုံးတွေ၊ ဂဏ္ဍန်းတွေကို ဒိုမိန်းလိပ်စာ
အမည်မှာ ထည့်ဝယ်မယ့် အစား မှတ်မိလွယ်မယ့် နာမည်၊ ရုတ်တရက် ကြည့်လိုက်တာနဲ့
သိတဲ့ နာမည်တွေကို သုံးပြီးဝယ်သင့်တယ်လို့ ဆိုပါတယ်။ နာမည်ကြီး Black Label
ဆိုတဲ့ ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ ဖန်ဘိုင်ဟာ အဲဒီလို
ဒိုမိန်းတွေကို (-) ထည့်ဝယ်ခဲ့တာနဲ့ ပတ်သက်ပြီး အတော်လေးကို
ပညာရသွားဖူးပါတယ်။ သူက blacklabel.com ကို ဝယ်မယ်ဆိုတော့ ဒေါ်လာ ၁၅၀၀၀
လောက်ကျနေပါတယ်။ အဲဒါနဲ့ ဈေးသက်သာတဲ့ black-label.com ကိုပဲ ဒေါ်လာ ၂၅၀
ပေးပြီး ဝယ်လိုက်ပါတယ်။ နောက်ပိုင်း လုပ်ငန်းကြီးလာတာနဲ့အမျှ (-) ပါတာက
အတော်လေးကို ကသိကအောင့်နိုင်တာ တွေ့လာရပါတယ်။ black-label.com လို့
ပြောလိုက်တဲ့ နေရာမှာ Website ကို ဝင်ကြည့်သူတိုင်းက blacklabel.com ကိုပဲ
ဝင်ကြည့်ကြပါတယ်။ နောက်ပိုင်း လပေါင်းများစွာ ညှိနှိုင်းပြီး ဒေါ်လာ ၆၀၀၀
နဲ့ blacklabel.com ကိုဈေးတည့်သွားပါတယ်။ အဲဒီလို ပြောင်းသုံးလိုက်ပြီး
သုံးလအတွင်း ဝင်ရောက်ကြည့်ရှုသူပေါင်း ၂၅ ရာခိုင်နှုန်းလောက် တိုးလာတာ
တွေ့ရပါတယ်။
ရှောင်ရန် – .com အပြင် .net .info .co .me …. စသည်ဖြင့် အကုန်လျောက်ဝယ်တာ
.com စသည်ဖြင့် ဝယ်ပြီးတဲ့နေရာမှာ .net, .info, .co စသည်ဖြင့် ဆက်တိုက်
ဝယ်ထားဖို့ လိုမလားဆိုတဲ့ နေရာမှာ ကိုယ်က အခုမှစတဲ့ ကုမ္ပဏီတစ်ခု
အနေနဲ့ပြောရမယ်ဆိုရင် မလိုဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တကယ့်
ကုမ္ပဏီကြီးတွေ အတွက်တော့ လိုတယ်လို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်း .xxx
ဆိုတာကိုပါ register လုပ်လို့
ရပြီဆိုတော့ ကိုယ့်ကုမ္ပဏီရဲ့ လိပ်စာနောက်မှာ .xxx ဆိုတာကို ထည့်ဝယ်ပြီး
မဟုတ်တာတွေ လျောက်တင် ကိုယ့်ကို နာမည်ဖျက်နိုင်တဲ့ အနေအထားတွေ ရှိနေပါတယ်။
ဒါပေမယ့် တကယ်တန်း Internet Culture မှာတော့ .com နဲ့ .net တစ်ခုတည်း
တစ်နေရာတည်းလို့ တွဲပြီး မြင်လေ့ မရှိပါဘူး။ အဲဒီလို အတွဲလိုက် ဝယ်ထားဖို့
လိုတဲ့အနေအထားကို သေသေချာချာ သုံးသပ်ပြီးမှ ဝယ်သင့်ပါတယ်။ ပြောရရင်
တကယ်သုံးမှ ဝယ်တာကောင်းပါတယ်။
ရှောင်ရန် – နောင်လာမယ့် အနာဂါတ်မှာ အရှုပ်အရှင်းတွေ ဘယ်လိုရှိလာနိုင်သလဲဆိုတာ သေသေချာချာ မသုံးသပ်ပဲ ဒိုမိန်း ဝယ်တာ
ဒါကတော့ နောက်တစ်ချိန်မှာ ဒိုမိန်းအမည်နဲ့ ပတ်သက်ပြီး တရာတဘောင်
ရင်ဆိုင်လာရနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ရှောင်ရှားဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနိုင်ငံမှာတော့ အဲဒီလိုမျိုး အနေအထား မရှိသေးပါဘူး။
နိုင်ငံခြားမှာ ဖြစ်ခဲ့တဲ့ ဥပမာ တစ်ခုကို ပေးရမယ်ဆိုရင် ဇက်ချရီ ရို့စ်
ဆိုသူတစ်ယောက်ဟာ LEEDTeacher.com ဆိုတဲ့ ဒိုမိန်းတစ်ခုနဲ့ Website
လွှင့်တင်ထားပါတယ်။ ဒါပေမယ့် အဲဒီနာမည်က တခြား အဖွဲ့အစည်းတစ်ခုနဲ့
Trademark နဲ့ သွားငြိနေပါတယ်။ အဲဒီအဖွဲ့အစည်းက တရားစွဲလာတဲ့ အခါမှာ
ဆိုက်ကို ပိတ်မလား၊ အမည်ပြောင်းမလားဆိုပြီး တရားရုံးက ဆင့်ခေါ်လာပါတယ်။
ဒီလိုနဲ့ ဒေါ်လာ ၂၀၀၀ လောက် ရှေ့နေကြေး ကုန်သွားပြီး နာမည်ကိုလဲ
GreenEDU.com လို့ပြောင်းလိုက်ရပါတယ်။
အပေါ်မှာ ပြောသွားတာတွေကတော့ ဒိုမိန်းနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဆောင်ရန် ရှောင်ရန်တွေ ဖြစ်ပါတယ်။
ဂျိန်းပေါ်တာ ရေးသားသော ဒိုမိန်းအမည် လုံခြုံရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို မှီငြမ်းရေးသားပါသည်။


No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား