၁၉၈၀ ခုနှစ်များဆီက ပတ်ဝန်းကျင် တင်စားချက်တစ်ခုကို ပြန်၍
ဖော်ပြလိုပါသည်။ လူ့ခန္ဓာကိုယ်တွင် အရိုးများ (Skeleton) နှင့်
နာဗ်ကြောမျှင်များ Nerves ဟူ၍ ရှိပါသည်။ နိုင်ငံတစ်ခု၏ ပို့ဆောင်ရေး ကဏ္ဍကို
အရိုးများနှင့် သဏ္ဌာန်တူသည်ဟု တင်စားပြီး ဆက်သွယ်ရေး ကဏ္ဍကို
နာဗ်ကြောမျှင်နှင့် ပုံခိုင်း နှိုင်းခဲ့ပါသည်။ ခန္ဓာကိုယ်ရှိ
နာဗ်ကြောမျှင်များ အစိတ်အပိုင်း တစ်ခုခု၌ ကောင်းမွန်စွာ အလုပ်
မလုပ်နိုင်သည့်အခါ ထိုအစိတ်အပိုင်းမှာ လေဖြတ်သွားတတ်ပါသည်။ နိုင်ငံတော်၏
နေရာဒေသ တစ်ခုခု၌ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့လျှင် (သို့မဟုတ်) ထိုဒေသရှိ
ပြည်သူများက ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုများကို ရယူသုံးစွဲခွင့်
မရှိလျှင် ထိုဒေသ၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည့်
အရေးများအားလုံး နောက်ကျ ကျန်နေတတ်ပါသည်။
၁၉၈၀ ခုနှစ်များ ပတ်ဝန်းကျင်ကပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ လူတစ်ရာလျှင်
တယ်လီဖုန်းတစ်လုံးမျှသာ ရှိနေသော ကာလဟုလည်း ဆိုနိုင်ပါသည်။
ပြည်တွင်းမြို့များသို့ ဖုန်းခေါ်မည်ဆိုလျှင် မူလက သက်ဆိုင်ရာ
အိတ်ချိန်းများရှိ အော်ပရေတာများကို အားကိုးခဲ့ရသည်။ နယ်မြို့များသို့
ကိုယ်တိုင်တိုက်ရိုက် နံပါတ်လှည့်ပြီး ခေါ်၍ မရခဲ့ပါ။ (ထိုစဉ်က
သုံးခဲ့သောဖုန်းများမှာ ဒိုင်ခွက်ကို လှည့်ရသော ဖုန်းများသာ ဖြစ်ပါသည်။
နံပါတ်ကိုနှိပ်၍ ခေါ်ရသော ဖုန်းများမှာ ၁၉၈၀ ခုနှစ်များ၏ အလယ်ပိုင်း၌
တွင်တွင်ကျယ်ကျယ် ပေါ်လာခဲ့ပါသည်) နောင်တွင် နယ်မြို့များသို့
ဖုန်းသုံးစွဲသူ ကိုယ်တိုင် တိုက်ရိုက်ခေါ်ဆိုခွင့် ရလာခဲ့ပါသည်။ သို့သော်
ပြည်ပသို့ တိုက်ရိုက်ခေါ်ဆိုခွင့် မရကြသေးပါ။ ပြည်ပအိတ်ချိန်းရုံးရှိ
အော်ပရေတာများကို အားကိုးကြရပြန်ပါသည်။ နိုင်ငံခြားသို့ ဖုန်းတစ်ခါ
ခေါ်ဆိုခွင့်ရရေးအတွက် အချိန်ကာလများစွာကို စောင့်ဆိုင်းပြီးမှ
အဆင်ပြေခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင်မူ ပြည်ပသို့ တိုက်ရိုက်
ခေါ်ဆိုခွင့်ရသဖြင့် ပြည်ပသို့ အဆက်အသွယ်လုပ်လိုသူများအတွက် ဆက်သွယ်ရေးကိစ္စ
ပိုမိုလွယ်ကူလာခဲ့ပါသည်။
သို့သော် ထိုစဉ်ကာလများက တယ်လီဖုန်းတစ်လုံး တပ်ဆင်သုံးစွဲခွင့် ရရေးမှာ
လွယ်ကူသူများအတွက်သာ လွယ်ခဲ့ပြီး အမှန်တကယ် သုံးစွဲလိုသူ
ပြည်သူများအနေနှင့် ကိုယ်စီကိုယ်ငှ အခက်အခဲမျိုးစုံ ရှိခဲ့ပါသည်။
တယ်လီဖုန်း တပ်ဆင်ပေးပိုင်ခွင့် ရှိသူများနှင့် အဆက်အသွယ် မရှိခြင်း၊
မိမိနေထိုင်ရာဒေသနှင့် နေအိမ်က တယ်လီဖုန်း တပ်ဆင်ပေးရန်
ဖြစ်နိုင်ခြေမရှိခြင်း၊ တယ်လီဖုန်း တပ်လို၍ လျှောက်လွှာတင်သည့်အခါ
လိုင်းလက်ကျန်နှင့် ဖုန်းနံပါတ် လက်ကျန်မရှိခြင်း၊ တယ်လီဖုန်း
တပ်ဆင်ရန်အတွက် ငွေကြေး အလုံအလောက် မရှိခြင်း၊ ရာထူးရာခံအဆင့် အသင့်အတင့်
မရှိခြင်း စသည့်အချက်များကလည်း တယ်လီဖုန်း ရရှိရန် အခက်အခဲ ဖြစ်စေခဲ့ပါသည်။
တယ်လီဖုန်း တပ်ဆင်ခွင့်မရမီကလည်း အခက်အခဲအချို့ ကြုံခဲ့ရသလို
တယ်လီဖုန်းတပ်ဆင်ပြီး နောက်တွင်လည်း လိုင်းမင်း (Lineman) ဟု ခေါ်သည့်
ဖုန်းလိုင်းပေါ်က “မင်း” များ ဖြစ်သည့် မင်းကြီး၊ မင်းလတ်၊ မင်းကလေး၊
မင်းမြှောင် အသီးသီးအား ပ၊ သရ မျက်နှာချုသွေးရသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်၏။
အချို့သော လိုင်းမင်းများက ခင်ဗျားတို့ တိုင်ချင်ရာသာတိုင်၊ ဒီနေရာမှာ
ကျုပ်တို့မှ ပြင်မပေးရငဘယ်သူ့မှ လာပြင်ပေးမှာမဟုတ်ဘူး... ဟူ၍ ပြည်သူအပေါ်
အနိုင်ကျင့်ခဲ့ကြပါသည်။ မိမိတို့အိမ်နားက တယ်လီဖုန်းတိုင်ပေါ်
လိုင်းမင်းများတက်ပြီး ဟန်ရေးပြကြလျှင် အသည်းတယားယား၊ အိမ်က
တယ်လီဖုန်းတမမဖြင့် ကိုယ်တော်များကို အကြိမ်များစွာ မေတ္တာပို့ရသည်မှာလည်း
ယခုတိုင်ပင် ဖြစ်ပါသည်။
၁၉၉၀ ခုနှစ်များ အလယ်ပိုင်းလောက်တွင် မြန်မာနိုင်ငံ၌ ဆယ်လူလာဖုန်းဟူ၍ပင်
စတင် ပေါ်ပေါက်လာပါသည်။ ထိုဖုန်းများသည် ၀၉-၉၉ နှင့် နံပါတ် စလေ့ရှိပါသည်။
ထို့နောက် CDMA ဖုန်းများ ပေါ်လာပြန်ပါသည်။ ထို့နောက် GSM စနစ်ကို
အသုံးပြုခဲ့ပြန်ပါသည်။ နာဂစ်မုန်တိုင်းဒဏ် ခံရပြီးနောက် CDMA 450 ဖုန်းများ
ခေတ်စားလာပါသည်။ အထက်ပါ မိုဘိုင်းဖုန်း အားလုံးသည် တစ်နေရာတည်း၌
ပုံသေထားရန်မလိုခြင်း၊ ဆက်သွယ်မှုရသည့် မည်သည့်ဒေသမဆို မိမိနှင့်အတူ
သယ်ယူသွားနိုင်ခြင်း၊ အချိန်နှင့် တစ်ပြေးညီ သတင်းများကို
ရယူသိရှိနိုင်ခြင်း၊ ကြိုးဖုန်းများကဲ့သို့ လိုင်းမင်းများ၏ ဒဏ်ကို
မခံရခြင်း၊ မိုဘိုင်းဖုန်း ကိုင်နိုင်သူသည် သက်ဆိုင်ရာအလွှာ၌ အဆင့်တစ်ခုတွင်
ရှိသည်ဟု မှတ်ယူလေ့ရှိခြင်းကြောင့် များစွာ ပေါ်ပြူလာ ဖြစ်ခဲ့ပါသည်။
မိုဘိုင်းဖုန်းတစ်လုံး သုံးစွဲခွင့်ရရေးမှာလည်း ထင်သလောက် မလွယ်ပါ။
မိုဘိုင်းဖုန်း ဖောဖောသီသီ ထုတ်မပေးနိုင်သော ကာလတစ်ခုအတွင်းက
သုံးစွဲခွင့်ရသော မိုဘိုင်းဖုန်းကို ပြန်ရောင်းချပြီး လူလူသူသူ
နေနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရသူများစွာ ရှိခဲ့ဖူးသည်ကိုလည်း ပြန်ပြောင်း
အမှတ်ရမိပါသည်။ မိုဘိုင်းဖုန်း သုံးစွဲခွင့်ရသည့် အကြောင်းကြားစာကိုပင်
ကာယကံရှင် လက်ထဲသို့ သူ့ထက်ငါ အလုအယက် သွားရောက်ပေးဝေဖူးသည့်
ဖြစ်ရပ်များစွာကိုလည်း ပုံပြင်မဟုတ်ခဲ့ပါ။ ထိုသို့ သုံးစွဲခွင့်ရသည့်
အကြောင်းကြားစာကို သက်ဆိုင်ရာ ကာယကံရှင်ကရလျှင် ကာယံကံရှင်အတွက်
ထီပေါက်သည့် ထီလက်မှတ်တစ်စောင် လက်ထဲရောက်လာသည့်နှင့် အလားတူပါသည်။
ထို့ကြောင့် ဖုန်းသုံးစွဲခွင့်ရသူ ကာယကံရှင်က အကြောင်းကြားစာ
လာပေးသူကိုလည်း ဘောက်ဆူး မြက်မြက်ကလေး ပေးခဲ့ကြဖူးပါသည်။
ထို့နောက် CDMA 800 ဖုန်းများ ပေါ်လာပါသည်။ ပေါ်ကာစက သက်ဆိုင်ရာ
မြို့နယ်တစ်ခုချင်းစီ အတွက်သာ ကွက်၍ သယ်ယူ ခေါ်ဆိုနိုင်သော်လည်း နောင်တွင်
ရန်ကုန်မြို့အတော်များများ၌ သုံးစွဲခွင့်ရခဲ့ပါသည်။ ထို့နောက် CDMA 800
စနစ်ရှိသည့် ဒေသနှင့် CDMA 450 စနစ်ရှိသည့် ဒေသများသို့ပါ
ယူဆောင်သုံးစွဲခွင့် ရခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းများ
ကနဦး တပ်ဆင်ခမှာ CDMA 800 ဖုန်းများ ပေးသည့်အချိန်မှစ၍ ၅ သိန်းဟု
သတ်မှတ်ခဲ့ရာ ဆက်သွယ်ရေးကဏ္ဍ၌ ပထမဆုံးအကြိမ် ဈေးနှုန်းလျှော့ချ ပေးခြင်းပင်
ဖြစ်ပါသည်။ (ထိုစဉ်က GSM နှင့် CDMA 450 ဖုန်းများ၏ အစိုးရဈေးမှာ ၁၅ သိန်း
ဖြစ်ပါသည်)။
CDMA 800 ဖုန်းများ ရောင်းချပေးသည့် အစီအစဉ်သည် အလှည့်အပြောင်းတစ်ခုပင်
ဖြစ်ပါသည်။ တယ်လီဖုန်းသုံးစွဲလိုသူက ကြိုတင်လျှောက်လွှာတင်ပြီး
ကာလရှည်ကြာစွာ စောင့်ဆိုင်းရန် မလိုဘဲ One Stop Service ဖြင့်သာ
ရောင်းချပေးသည့် အစီအစဉ် ဖြစ်သဖြင့် တယ်လီဖုန်း သုံးစွဲသူများ
အားရဝမ်းသာစွာ ဝယ်ယူသုံးစွဲခဲ့ကြပါသည်။
CDMA 800 စတင် မဖြန့်ဖြူးမီ ကာလအထိကို ဆက်သွယ်ရေး၏ ရွှေထီးဆောင်းခဲ့သည့်
ကာလများဟု စောင့်ကြည့် အကဲခတ်သူများက ဆိုကြပါသည်။ ၂၀၁၁ ခုနှစ်သည်
ဆက်သွယ်ရေးကဏ္ဍအတွက် ထူးခြားသောနှစ်ပင် ဖြစ်၏။ ထိုနှစ်မှာပင် မိုဘိုင်း
GSM/UMTS တိုးချဲ့ တပ်ဆင်ခြင်း၊ စီမံကိန်းကို စခဲ့သည်။ ထိုစီမံကိန်းအရ
ငါးနှစ်အတွင်း မြန်မာပြည်၏ တယ်လီဖုန်း သိပ်သည်းဆမှာ ၅၀
ရာခိုင်နှုန်းရှိရမည်ဟု မှန်းထားသည်။ ထိုရည်မှန်းချက်အရ လူတစ်ရာလျှင် လူ ၅၀ က
စီမံကိန်း ကာလအပြီး ဖုန်းသုံးစွဲလာကြမည် ဖြစ်၏။ ၂၀၁၂ ခုနှစ်အတွင်း
ဆက်သွယ်ရေးကဏ္ဍ၌ ဖြေလျှော့မှုများကို စတင်ပြုလုပ်လာခဲ့သည်။ ပြည်တွင်း
တယ်လီဖုန်း ခေါ်ဆိုခများကို ညဘက် ၁၁း၀၀ နာရီမှ နံနက် ၇း၀၀ နာရီအကြား
ခေါ်ဆိုခြင်းဖြစ်ပါက မိုဘိုင်းဖုန်းများ အားလုံးအတွက် ယခင် တစ်မိနစ်လျှင် ၅၀
ကျပ်မှ တစ်မိနစ်လျှင်၂၅ ကျပ်သို့ လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့
လျှော့ချမှုကို ၁၄.၃.၂၀၁၂ မှ စတင်၍ ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၂ မတ်လ ၁၄ ရက်တွင်လည်း ပြည်နယ်များမှ အစပြု၍ GSM/UMTS ဖုန်းများကို
ကနဦးတပ်ဆင်ခ ၂ သိန်းဖြင့် ရောင်းချပေးခဲ့သည်။ စာရင်းများအရ ၃၁.၅.၂၀၁၂
ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းစုစုပေါင်း ၂.၇
သန်းကျော် ရှိနေပြီး တယ်လီဖုန်း သိပ်သည်းဆမှာ ၅% မျှ ရှိလာပါပြီ။ GSM/UMTS
ဖုန်းများကို ၂ သိန်းဖြင့် ရောင်းချသည့် အစီအစဉ်သည်လည်း အောင်မြင်သည့်
အစီအစဉ်တစ်ခုပင် ဖြစ်သည်။ One Stop Service ဖြင့် ဝန်ဆောင်မှုပေးသည့်အတွက်
သုံးစွဲလိုသည့် ဖုန်းကို နေ့ချင်း ရနိုင်သည်။
ပို၍ ထူးခြားသည်မှာ GSM၊ CDMA 800 နှင့် WCDMA ဖုန်းများကို အင်တာနက်နှင့်
ချိတ်ဆက် အသုံးပြုခွင့်ပေးခြင်းနှင့် ချိတ်ဆက် အသုံးပြုခနှုန်းများကိုလည်း
လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တယ်လီဖုန်းတစ်လုံး
သုံးစွဲခွင့်ရဖို့အတွက် မည်သူ့ကိုမျှ မျက်နှာချို သွေးစရာ မလိုတော့ပါ။
မည်သူနှင့်မျှ အဆက်အသွယ် ရှိစရာလည်း မလိုတော့ပါ။ တစ်ချိန်က ဆက်သွယ်ရေးသည်
ရောင်းသူဈေးကွက် (Seller's Market) ဖြစ်ပါသည်။
ရောင်းချပိုင်ခွင့်ရှိသူက မျက်နှာကြောတင်းတင်းဖြင့် ရောင်းသော်လည်း ဝယ်သူက
အခြားရွေးချယ်စရာ မရှိသဖြင့် မျက်နှာချိုသွေး၍ ဝယ်ယူခဲ့ကြရပါသည်။
နိုင်ငံတော်၏ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွင်
ဆက်သွယ်ရေးကဏ္ဍသည်လည်း ပါဝင်ပြုပြင်ပြောင်းလဲရမည်သာ ဖြစ်ပါသည်။ ထိုသို့
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့် ကာလအတွင်းမှာပင် ဆက်သွယ်ရေး
ဈေးကွက်သည် ရောင်းသူဈေးကွက်ဘဝမှ ဝယ်သူကို ရောင်းသူကပြန်၍ မျက်နှာချို
သွေးရသည့်ဘဝ၊ ဝယ်သူဈေးကွက် (Buyer's Market) သို့ တစ်ဆင့်ပြီးတစ်ဆင့်
တက်လှမ်းလာလိမ့်မည်ဟု မျှော်လင့်မိပါသည်။
ဖုန်းချစ်သူ
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား