၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၏
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၂၉၀၀
ကျော်ရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ
အမေရိကန်ဒေါ်လာသည် ၉၆၆ သန်းရှိကြောင်း သိရှိရသည်။
ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏအရ နံပါတ်လေးအဆင့်တွင် ရောက်ရှိနေသော နိုင်ငံဖြစ်ပြီး စုစုပေါင်း ကုမ္ပဏီ ၄၉ ခုမှ သန်း ၂၉၄၁ဒသမ ၂၈၉ မြှုပ်နှံထားကြောင်းနှင့် အဓိကအားဖြင့် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ထုတ်ယူမည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယားနိုင်ငံမှ ဒေ၀ူးကုမ္ပဏီက ၀င်ရောက် ရင်းနှီးမြှုပ်နှံနေကာ စုစုပေါင်းပမာဏ ၁ ဒသမ ၇ ဘီလျံရှိကြောင်း သိရှိရပါသည်။
အလားတူ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀၀ နီးပါး အထိရှိလာပြီး နှစ်နိုင်ငံကုန်သွယ်ရေး မြင့်တက်လာကြောင်း၊ စုစုပေါင်း ကုန်သွယ်မှု ၉၆၆ သန်းတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၉၉ သန်းနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှုပမာဏ ၆၆၇ သန်းရှိကြောင်း သိရှိရသည်။
ထို့အတူ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာလီမြောင်ဘတ်၏ မြန်မာခရီးစဉ်အတွင်း နည်းပညာအကူ အညီပေးရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ စက်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စွမ်းအင်နှင့် သတ္တုကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယခုနှစ်ပိုင်းအတွင်း ကိုရီးယားနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာပြီး ၂၀၁၁ ခုနှစ်တွင်မူ အမေရိကန်ဒေါ်လာသန်း ၁၁၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ အ၀တ်အထည်၊ ပဲ၊ ရေထွက် ပစ္စည်း၊ ကျောက်စိမ်း၊ သစ် စသည့် ပစ္စည်းများ တင်ပို့နေပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ မော်တော်ကားများ၊ စက်ပစ္စည်းများ၊ အခြားစပယ်ယာပတ်စ်များ၊ သံနှင့် စတီးပစ္စည်းများ၊ ပလပ်စတစ်ကုန် ကြမ်းပစ္စည်းများ တင်သွင်းနေကြောင်း သိရှိရသည်။
ထို့အတူ CMP အထည်ချုပ် လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသော နိုင်ငံများထဲတွင် ကိုရီးယားနိုင်ငံမှ နံပါတ်လေးအဆင့်တွင်ရှိနေကြောင်း သိရှိရသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား