img.emoticon { padding: 0; margin: 0; border: 0; }

Sunday, May 27, 2012

အမျိုးသမီးနှစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွား

ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ရန်ကုန်မြို့၊ လှည်းတန်း ၇ လမ်းရှိ တိုက်ခန်းတစ်ခန်း၏ သုံးလွှာတွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးအား အမျိုးသားတစ်ဦးက ဓာတ်ဆီများဖြင့်လောင်းကာ မီးရှို့ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခ
ဲ့သည်။ မီးရှို့ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦးမှာ ညီမများဖြစ်ကြသည်။ ၄င်းတို့နှစ်ဦးကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့် အမျိုးသားဆိုသူမှာ ညီမနှစ်ဦးအနက်မှ အစ်မဖြစ်သူနှင့်ပတ်သတ်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ ယခုအခါတွင် အဆိုပါအမျိုးသမီးနှစ်ဦးလုံးမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဆောင်တွင် ရောက်ရှိနေသည်။ ယင်းဖြစ်စဉ်တွင် အဓိက ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့ခံခဲ့ရသည့် အသက် ၂၇ နှစ်အရွယ် အစ်မဖြစ်သူသည် ဒဏ်ရာများပြားစွာဖြင့် တစ်ကိုယ်လုံး ပတ်တီးများဖြင့် သတိမေ့မြောနေပြီး ညီမဖြစ်သူမှာ ခြေထောက်ကိုမီးလောင်ခဲ့သည်ဟု ရန်ကုန်ဆေးရုံကြီးရောက် 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
 

အမျိုးသမီးတစ်ဦး အက်ရှင်ကားဆန်ဆန် မီးရှို့ခံရ


ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့၏ အထင်ကရ လူစည်းကားရာ နေရာတစ်ခုဖြစ်သည့် ကမာရွတ်မြို့နယ် လှည်းတန်း (၇) လမ်းတွင် အမျိုးသမီး တစ်ဦး အက်ရှင် ဇတ်ကားဆန်ဆန် ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရကာယခုအခါ ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေပြီး အရေးပေါ် ခွဲစိတ်ကုသခံရမည် ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက The Voice Weekly သို့ ပြောကြားသည်။

"အစားစာထားလို့ နောက်ထပ် ၆ နာရီကြာမှ ခွဲစိတ်လို့ရမယ်။ ခု အသက်တော့ ရှုနေတယ်။ စကားတော့ မပြောနိုင်သေးဘူး" ဟု ကာယကံရှင် သူငယ်ချင်းဖြစ်သူ အမျိုးသား တစ်ဦးက ည ၈ နာရီ ၅၀ မိနစ်တွင် ဆိုသည်။

ဖြစ်စဉ်မှာ မ ... (အသက် ၂၇ နှစ်) ၏ နေအိမ် တည်ရှိရာ လှည်တန်း ၇ လမ်း အမှတ် ... သုံးလွှာသို့ အမျိုးသား တစ်ဦး ရောက်ရှိလာပြီး တံခါးသံပန်းကို ဓာတ်ဆီနှင့် ပက်နေစဉ် ယင်းအမျိုးသမီးက တံခါးဖွင့်လိုက်သည့် အတွက်
ခန္တကိုယ်တွင် ဓါတ်ဆီများ စိုရွှဲသွားစဉ် မီးရှို့ခံရခြင်း ဖြစ်ကြောင်း အရေးပေါ် ခွဲစိတ်ကုခန်းသို့ ရောက်ရှိနေသည့် ယင်းအမျိုးသမီး၏ ညီမဖြစ်သူက ဆိုသည်။

၎င်းသည်လည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ်ဌာနအတွင်း ၎င်း၏ သူငယ်ချင်းများနှင့် စကားပြောနေသည်ကို တွေ့ရသည်။

"တံခါးပေါက်မှာ ပိတ်ပြီး မီးလောင်နေတော့ လန့်သွားတာပေါ့။ နောက်ပေါက်ကို ပြေးလို့လည်း မရဘူး။ တစ်ခြားတိုက်ကို ကူးရတယ်" ဟု ၎င်းက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ဆေးရုံသို့ ရောက်ရှိလာသော သူငယ်ချင်းများကို ရှင်းပြသည်။

နောက်ဆက်တွဲ သတင်းများအရ မီးရှိုးခံရသည့် အမျိုးသမီးမှာ ည ၉ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် စကား စတင် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အမှု ကျူးလွန်သည့် အမျိုးသားကို အခင်းဖြစ်ပွားစဉ်၌ပင် ရပ်ကွက်အတွင်း နေထိုင်သူတို့က ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးပြီး ကမာရွတ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

မီးရှို့ခံရသည့် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ဆရာဝန် တစ်ဦးဖြစ်ပြီး ပဲခူးဇာတိ ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက ပြောဆိုသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား