မြန်မာနိုင်ငံတွင်နှုန်းထားအမျိုး မျိုးဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်း
များကိုနှုန်းထားတစ်မျိုးတည်ပေါင်း စည်းသည့်ငွေလဲနှုန်းပေါင်းစည်းရေး
အစီအစဉ်အရ အမေရိကန်ဒေါ်လာ ဈေး၊ အက်ဖ်အီးစီးဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့်
ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး
ကွက်ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း
သတင်းရရှိသည်။
''ငွေလဲနှုန်းကို ဒီနေ့ကစပြီး Floating System နဲ့ လဲပေးဖို့ ဗဟိုဘဏ်ကနေ
စတင်ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဒေါ်လာဈေးနဲ့ FEC ဈေးကိုတော့ midrate နဲ့
ဗဟိုဘဏ်က တစ်နေ့ချင်း ချပေးသွားမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ money
exchang counter မှာ ငွေလဲပေးတဲ့အခါ အပေါင်း ၈၊ အနှုတ် ၈ နဲ့ သွားမှာပါ။
ဒီနေ့ စဖွင့်ဖွင့်ချင်းမှာ ၀ယ်ဈေးက အမေရိကန်ဒေါ်လာရော၊ FEC ရော ၀ယ်ဈေးက
ကျပ် ၈၁၁ နဲ့ ရောင်းဈေးက ကျပ် ၈၂၅ ပါ။ midrate ကို ဗဟိုဘဏ်က ပဲ
ဆုံးဖြတ်ပေးပါတယ်။ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးကိုတော့ လက်ရှိပေါက်နေတဲ့
ဒေါ်လာဈေးနဲ့ အချိုးချပြီး Cross rate နဲ့ တွက်ပါတယ်။ ဈေးနှုန်းကတော့ Float
လုပ်ထားတဲ့အတွက် တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး။ ဒီနေ့ ဗဟိုဘဏ်က
ချပေးတဲ့နှုန်းက ကျပ် ၈၁၈ ဆိုပေမယ့် နောက်နေ့ ကျပ် ၈၂၀ လည်း ဖြစ်နိုင်တယ်။
ကျပ် ၈၁၀ လည်း ဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အပေါင်း ၈၊ အနှုန် ၈
System နဲ့ သွားမှာပါ'' ဟု CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့် က
ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ငွေကြေးအား နှုန်းရှင်အဖြစ် စတင်သတ်မှတ်ခြင်းကို ငွေလဲနှုန်း
ပေါင်းစည်းရေး အစီအစဉ်အောက်တွင် ပြုလုပ်ခြင်းဖြစ်သော်လည်း FEC မှာ
ဆက်လက်ရှိနေဆဲ ဖြစ်သည်။''အခု ငွေလဲနှုန်းကို အရှင်ထားတယ်ပဲ ပြောပါတော့။
ငွေလဲနှုန်းတစ် မျိုးတည်း ပေါင်းစည်းတော့မယ်ဆိုရင် တကယ်တမ်းမှာ FEC
မလိုတော့ဘူး။ ဒေါ်လာနဲ့ FEC ဈေးက အတူတူ ဖြစ်နေပြီ။ ပြီးတော့ ပေါက်ဈေးကလည်း
အပြင်ဈေးနဲ့ အားလုံး အတူတူဖြစ်နေပြီ။ အရင်လို ခြောက်ကျပ်နဲ့ တွက်နေတာလည်း
မဟုတ်တော့ဘူး။ FEC က တကယ်တမ်း မရှိသင့်တော့ဘူး။ ဒါကြီးကို ဆက်ထားရင်
နောက်ပိုင်းအမျိုးမျိုး ဖြစ်လာနိုင်သေးတယ်။ ဥပမာ တရုတ်တို့၊
ပါကစ္စတန်တို့လည်း FEC သုံးခဲ့တယ်ဆိုပေမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ
သုံးတာ။ နောက်ပိုင်း ပယ်ဖျက်လိုက်တယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က
ပြောပြခဲ့သည်။
မကြာသေးခင် အချိန်အထိ မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအမျိုးမျိုး
ဖြစ်ပေါ်နေပြီး ပြင်ပဈေးကွက် ငွေလဲနှုန်း အစိုးရဈေးနှုန်း၊ နိုင်ငံခြားဘက်
ဆောင်ရွက်ခွင့်ရသော ဘဏ်များ၏ ငွေလဲနှုန်း၊ ဟွန်ဒီဈေးနှုန်း၊ အက်ဖ်အီးစီ
ဈေးနှုန်း၊ ပြည်ပပို့ကုန်မှ ရငွေ (earning) ဈေးနှုန်းစသဖြင့်
ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေသည့် အနေအထားမှ ဧပြီလ ၂ ရက်နေ့မှ စတင်ကာ
ဒေါ်လာဈေးနှင့် FEC ဈေးနှုန်းအား အတူတူသတ်မှတ်ကာ နှုန်းရှင်စနစ်ဖြင့်
လဲပေးနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
''ဟွန်ဒီကိုတော့ လောလောဆယ်မှာ ဘဏ်နဲ့ချိတ်ပြီး လဲပေးနေတယ်ဆိုတော့
ဒေါ်လာဈေးနဲ့ အတူတူလောက်ပဲ။ တစ်ခုပဲရှိတာ။ သူတို့ဘက်တွေက အပြင်က ဈေးကွက်
လိုအပ်ချက်အတိုင်း မီအောင်လုပ်ပေးနိုင်၊ မပေးနိုင်ရှိတယ်။ အခုသိရ သလောက်
earning ရော ဟွန်ဒီရော တစ်သိန်းအထိ လဲပေးတယ်ပြောတယ်။ အပြင်ဈေးကွက်က
လိုအပ်တဲ့အတိုင်း လဲပေးနိုင်ရင်တော့ ငွေလဲနှုန်းတစ်မျိုးထဲ
ပေါင်းစည်းတဲ့ကိစ္စ တော်တော်အဆင်ပြေမှာပါ'' ဟု ပြည်ပပို့ကုန်
လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား