img.emoticon { padding: 0; margin: 0; border: 0; }

Sunday, April 22, 2012

ဂျပန်အစိုးရက မြန်မာနိုင်ငံ၏ ကြွေးမြီ ၆၀ ရာခိုင်နှုန်းကို ပယ်ဖျက်ပေး

by 7Day News Journal on Saturday, April 21, 2012 at 10:49pm ·
တိုကျို၊ ဧပြီ - ၂၁


ဒီမိုကရေစီစနစ်ဆီသို့ ရှေ့ဆက်ချီတက်ရေး ကူညီရန်အတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ယန်းငွေများ ပြန်လည်ချေးပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံက တင်ရှိနေသော ယန်းငွေ ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄ ဘီလီယံကျော်)ကြွေးမြီ နှင့်အတိုးနှုန်းများထဲမှ ၆၀ ရာခိုင် နှုန်းကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ယနေ့ပြောကြားသည်။




ထို့ကြောင့် ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ် အကြွေး ၃၀၃.၅ ဘီလီယံ ယန်း(၃.၇ ဘီလီယံဒေါ်လာ)ကို ပယ်ဖျက်ခြင်းဖြစ်သည်။

မဲခေါင်ဒေသနိုင်ငံငါးနိုင်ငံမှခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက် ဂျပန်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်တို့၏ အစည်းအဝေးတစ်ရပ်အပြီးတွင် ယခုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက ယမန်နှစ်အတွင်း အရပ်သားအများစုပါဝင် သောအစိုးရဆီသို့ အာဏာလွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုအများအပြားပြုလုပ်ပြီး ကမ္ဘာကြီးအား အံ့အားသင့်စေခဲ့သည်။ ယင်းပြုပြင်ပြောင်းလဲမှုများတွင် နိုင်ငံရေးအကျဉ်းသား အလုံးအရင်းနှင့်လွှတ်ပေးခြင်း၊ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား မကြာခင်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်းများပါဝင်သည်။ မြန်မာ အစိုးရက စာနယ်ဇင်းလွတ်လပ် ခွင့်များလည်း ပိုမိုပေးအပ်ခဲ့သည်။

နယ်ပယ်အများအပြားတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အားပေးထောက်ခံရန်နှင့် ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိ ရေးကြိုးပမ်းမှုများကို အားပေးထောက်ခံရန်၊ ယင်းကြိုးပမ်းမှုများ ၏တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်လေ့လာရင်း ဂျပန်နိုင်ငံက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ထုတ်ပြန်ချက်တစ်ရပ်တွင်ဖော်ပြသည်။

ယင်းထုတ်ပြန်ချက်မှာပင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ တောင်ဘက် ၂၅ ကီလိုမီတာအကွာရှိ သီလ၀ါဆိပ်ကမ်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်နိုင်ခြေလေ့လာမှုတစ်ရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးလုပ်ဆောင်သွားရန်လည်း ဂျပန်က သဘောတူညီထားသည်။

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အသိပညာ၊ အတတ်ပညာများ လိုအပ်ပါကြောင်း ဂျပန်စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ယခင် ရက်သတ္တပတ်ကပင် တိုကျိုစတော့အိတ်ချိန်းနှင့် ဒိုင်းဝါ့ရှယ်ယာနှင့် ငွေကြေးလုပ်ငန်းများအုပ်စုက ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရှယ်ယာဈေးကွက် တစ်ရပ်ပေါ်ထွက်လာရေးအတွက် လုပ်ကိုင်ပေးရန် မြန်မာနိုင်ငံဗဟိုဘဏ်နှင့် သဘောတူညီချက်ရရှိခဲ့ကြောင်းပြောကြားသည်။

—Ref: Japan Times/AP/Bloomberg

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား