img.emoticon { padding: 0; margin: 0; border: 0; }

Friday, November 8, 2013

ချင်းပြည်နယ် ဖွံ့ဖြိုးရေး အိန္ဒိယက တစ်နှစ်ဒေါ်လာ ငါးသန်းနှုန်းဖြင့် ငါးနှစ်ထောက်ပံ့


ကလေး၊ နိုဝင်ဘာ ၈

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသော ချင်းပြည်နယ်အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းတံတား ကဏ္ဍများတွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းနှုန်းဖြင့် ငါးနှစ်စာ ထောက်ပံ့ကြေးရကြောင်း နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးရဲနိုင်က The Voice သို့ ပြောကြားသည်။
“တစ်နှစ်ကို ဒေါ်လာငါးသန်းနှုန်းနဲ့ ငါးနှစ်ဆက်တိုက်လှူဖို့ ကတိပြုထားတယ်။ အခုနှစ် အတွက်တော့ ဒေါ်လာနှစ်သန်းခွဲ အသုံးပြုပြီးပြီ” ဟု ၎င်းကဆိုသည်။

ရရှိသည့် ဒေါ်လာငါးသန်းမှာ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွက် အသုံးပြုမည် ဖြစ်ပြီး စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်းနှင့် လမ်းတံတားများ တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တံတားများကို ဦးစားပေး တည်ဆောက်နေပြီး လုပ်ငန်း လုပ်ဆောင်မှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်း ပြီးစီးမှုကို လိုက်၍ ခွင့်ပြုငွေ ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ထောက်ပံ့ရာတွင် အိန္ဒိယ အစိုးရက ငွေကြေး တိုက်ရိုက် ကိုင်တွယ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ဆောင်ရွက်မည့် ကန်ထရိုက်များကို တင်ဒါခေါ်ယူ ဆောင်ရွက်စေကြောင်း၊ ချင်းပြည်နယ် အစိုးရအနေနှင့် လုပ်ငန်း လုပ်ကိုင်ခွင့်ရသူများ၏ ဆောင်ရွက်မှုအပေါ် စံချိန်စံညွန်း ပြည့်မီစွာ ဆောက်လုပ်ရန် ကြီးကြပ်ပေးရသည့် တာဝန်ရှိကြောင်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက ပြောဆိုသည်။

ယင်းကဲ့သို့ ထောက်ပံ့မှုဖြင့် အခြေခံပညာ မူလတန်းကျောင်း ၁၁ ကျောင်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲကိုးခု၊ ဘေလီတံတား သုံးစင်းနှင့် သံမဏိ ကြိုးတံတားနှစ်စင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မြတ် (ကလေး)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား