img.emoticon { padding: 0; margin: 0; border: 0; }

Friday, November 8, 2013

အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ် အလားတူကာလ အခွန်ကောက်ခံရရှိမှုထက် ကျပ် ၅၀၀ ဘီလီယံကျော် ပိုမိုကြောင်း

 
မြန်မာတစ်နိုင်ငံလုံး ယခုနှစ် ဘဏ္ဍာနှစ်အစမှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အခွန်ကောက်ခံရရှိမှုမှာ ယခင်နှစ် အလားတူကာလ အခွန်ကောက်ခံရရှိမှုထက် ကျပ် ၅၀၀ ဘီလီယံကျော် ပိုမိုကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ အခွန်ကောက်ခံရရှိမှု မြင့်တက်လာခြင်းမှာ ပြည်သူများက အခွန်ဆောင်ရမည် ဟူသော တာဝန်သိစိတ်များကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။ “တခြားနိုင်ငံတွေမှာဆို နိုင်ငံပိုင် စီးပွားရေးဆိုတာ မရှိဘူး။ လုပ်ပိုင်ခွင့်တွေ အားလုံးကို ပုဂ္ဂလိကကိုပဲ လုပ်ဆောင်ခွင့်ပေးတာ။ အဓိကက အခွန်ရဖို့ပဲလေ။ ဒီမှာလည်း တဖြည်းဖြည်းနဲ့တော့ ဒီလိုလုပ်လာပါပြီ။ အဲဒါကြောင့်မို့လို့ အခွန်များများ ရလာတာလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ အခွန်အများစု၏ သုံးပုံတစ်ပုံမှာ ကုန်သွယ်ခွန်(သွယ်ဝိုက်ခွန်)မှ ရရှိနေခြင်းဖြစ်ပြီး စားသုံးသူများက အခွန်အများဆုံး ပေးဆောင်နေခြင်း ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။ “ဥပမာ- စားသောက်ဆိုင်တစ်ခုက အခွန်ပေးဆောင်တာဟာ ဆိုင်ပိုင်ရှင်က ပေးဆောင်တာ မဟုတ်ပါဘူး။ စားသုံးသူတွေက ပေးဆောင်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ စားသုံးသူတွေဆီက အခွန်မကောက်လို့လည်း မရဘူး။ သူတို့က အများဆုံးလို ဖြစ်နေတယ်လေ” ဟု သူရဦးသောင်းလွင်က ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များရုံးမှ တစ်ဦးချင်းထံမှ အခွန်ကောက်ခံရှိမှုမှာ ကျပ် ၃၀၄ ဒသမ ၀၄၂ ဘီလီယံရှိပြီး ကုမ္ပဏီများထံမှ ကောက်ခံရှိမှုမှာ ကျပ် ၈၀၀ ဒသမ ၆၁၉ ဘီလီယံရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုဘဏ္ဍာနှစ်အစမှ နိုဝင်ဘာလ ပထမအပတ်အတွင်း ကုန်သွယ်ခွန် (သွယ်ဝိုက်ခွန်)၊ ဝင်ငွေခွန် (တိုက်ရိုက်ခွန်)၊ တံဆိပ်ကောင်းခွန် နှင့် အောင်ဘာလေခွန်တို့မှ တစ်နိုင်ငံလုံး အခွန်ကောက်ခံရရှိမှုသည် ကျပ် ၁၆၆၇ ဒသမ ၂၈၁ ဘီလီယံရှိပြီး ပြီးခဲ့သည့်နှစ် ကောက်ခံရရှိမှုမှာ ကျပ် ၁၁၆၄ ဒသမ ၁၂၈ ဘီလီယံဖြစ်ခြင်းကြောင့် ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် ကျပ် ၅၀၀ ဘီလီယံကျော် ပိုမိုကောက်ခံရရှိခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား