img.emoticon { padding: 0; margin: 0; border: 0; }

Monday, August 12, 2013

တယ်လီနောမြန်မာမှ လာမည့် နှစ်ပတ်အတွင်း မြန်မာဝန်ထမ်းများကို တရားဝင် ခေါ်ဆိုမည်

မြန်မာနိုင်ငံတွင် တယ်လီဖုန်း အော်ပရေတာအဖြစ် စတင် ဝင်ရောက်လုပ်ကိုင်မည့် တယ်လီနောမြန်မာမှ လာမည့် နှစ်ပတ်အတွင်း မြန်မာဝန်ထမ်းများကို တရားဝင် ခေါ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနောမှ မြန်မာနိုင်ငံတွင် အော်ပရေတာအဖြစ် ရွေးချယ်ခံရပြီး နောက်ပိုင်း လုပ်ငန်းများ စတင် လုပ်ကိုင်တော့မည်ဖြစ်ရာ ပြည်တွင်းနှင့် ပြည်ပမှ ဝန်ထမ်းများ ခေါ်ယူခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။ “လာမယ့် နှစ်ပတ်အတွင်းမှာ အလုပ်အကိုင် ခန့်အပ်မယ့် နေရာတွေကို ထုတ်ပြန် ကြေညာသွားမယ်၊ လတ်တလောမှာတော့ အီးမေးလ်ကနေတစ်ဆင့် အလုပ်လျှောက်လာတာမျိုးတွေ ရှိနေပါပြီ၊ ဘယ်လို Post တွေ ခန့်သွားမလဲတော့ အထက်ကနေ အတိအကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူး” ဟု တယ်လီနော မြန်မာမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် တယ်လီနောမှ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်နိုင်ရန် အတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းပိုင်း ခန့်အပ်ရာတွင်လည်း လုပ်ငန်းနှင့် ကိုက်ညီမှုရှိသည့် ဝန်ထမ်းပိုင်းကို ရွေးချယ်ခေါ်ယူ၍ တယ်လီနောမှ သင်တန်းများ ပေးသွားမည်ဟု သိရသည်။ “ပြည်ပကနေ အလုပ်လျှောက်တာတွေ ရှိတယ်၊ ဝန်ထမ်းပိုင်း အရေအတွက်ကိုတော့ မပြောတတ်သေးပါဘူး” ဟု ယင်းက ထပ်မံပြောသည်။ ယင်းကဲ့သို့ ဝန်ထမ်းပိုင်းခေါ်ယူရာတွင် တယ်လီနော်မြန်မာ ဖေ့စ်ဘွတ်ခ်တွင် HRmyanmar@telenor.com တွင် အလုပ်လျှောက်ထားလိုသူ၏ ကိုယ်ရေး အကျဉ်း ပေးပို့ထားနိုင်ကြောင်း သိရသည်။ တယ်လီနောတွင် အီးမေးလ်ပေးပို့၍ အလုပ်လျှောက်ထားသူ မဇာဖြည်က “အီးမေးလ်ကနေတော့ အလုပ်လျှောက်ထားတယ်၊ အော်ပရေတာလုပ်ငန်း ဖြစ်တဲ့အတွက် အလုပ်လုပ်ဖို့ စိတ်ဝင်စားတာလည်း ပါတယ်၊ နိုင်ငံခြားကုမ္ပဏီဆိုတော့ လစာလည်း ကောင်းမယ်ထင်လို့ပါ” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် ပြည်ပကုမ္ပဏီများကို အော်ပရေတာအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ရန် တင်ဒါ ယှဉ်ပြိုင်ခဲ့စဉ်က တယ်လီနောမှ ဝန်ထမ်းပိုင်းတွင် မြန်မာဝန်ထမ်းများကို ရာနှုန်းပြည့် ခန့်အပ်သွားမည်ဟု မီဒီယာများထံ ထုတ်ပြန် ကြေညာခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အော်ပရေတာအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် နော်ဝေအခြေစိုက် တယ်လီနောနှင့် ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီတို့ကို ဇွန် ၂၇ ရက်က လုပ်ကိုင်ခွင့်ပြုရန် တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီမှ ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား