img.emoticon { padding: 0; margin: 0; border: 0; }

Friday, July 26, 2013

ရငွေထက် ကျပ် ၁ ဒသမ ၅၉၇ ထရီလျံအထိ ပိုသုံးပြီး ၀င်ငွေရသည့် နိုင်ငံတော် စီးပွားရေး အဖွဲ့များပင် ရငွေထက် ပိုသုံးကြောင်း နိုင်ငံတော်၏ ရငွေသုံးငွေ အမှန်စာရင်း အစီရင်ခံစာတွင် ဖော်ပြ

    ပြည်ထောင်စု အစိုးရအဖွဲ့သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွက် စာရင်းစစ် အတည်ပြုပြီးသည့် နိုင်ငံတော်၏ ရငွေသုံးငွေ အမှန်စာရင်း အစီရင်ခံစာအား လွှတ်တော်သို့ အတည်ပြုနိုင်ရန် ပေးပို့ခဲ့ကြောင်း သိရသည်။အဆိုပါ ပေးပို့ချက် အမှန်စာရင်းအား ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ စိစစ်သုံးသပ်ချက် များနှင့်အတူ ကော်မတီ၏ (၂/၂၀၁၃) အစီရင်ခံစာအား ဇူလိုင် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်သွင်း မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ရငွေထက် ၁ ဒသမ ၅၉၇ ကျပ်ထရီလျံ ပိုမိုသုံးစွဲထားပြီး ပိုမိုသုံးစွဲသည့် အထဲတွင် ၀င်ငွေရှိသော နိုင်ငံတော် စီးပွားရေး လုပ်ငန်းများပင် ရငွေထက် ပိုမိုသုံးစွဲထားကြောင်း တွေ့ရသည်။
ပြည်ထောင်စု အစိုးရအဖွဲ့မှ လွှတ်တော်သို့ ပေးပို့သည့် ဌာနအသီးသီးမှ ရငွေသုံးငွေ အမှန်စာရင်းအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဗဟိုအဖွဲ့အစည်း၊ ၀န်ကြီးဌာန၊ ဦးစီးဌာနများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများ (SEE) ဟူ၍ အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြထားသည်။

ဗဟိုအဖွဲ့အစည်းများ အနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမှန်တကယ် ရငွေမှာ ၂၀ ဒသမ ၂၅၇ ကျပ်ဘီလျံဖြစ်ပြီး ပြန်လည်သုံးစွဲသည့်ငွေမှာ ၇၅၇ ဒသမ ၅၀၈ ကျပ်ဘီလျံဖြစ်ရာ ရငွေထက် ကျပ် ၇၃၇ ဒသမ ၂၅၁ ဘီလျံ ပိုမိုသုံးစွဲခဲ့ပြီး ရငွေထက် ၃၆ ဆအထိ ပိုမိုသုံးစွဲခဲ့ကြောင်း တွေ့ရသည်။
ဝန်ကြီးဌာန၊ ဦးစီးဌာနများမှာလည်း ရငွေ ကျပ် ၃၁၈၄ ဒသမ ၀၂၈ ဘီလျံဖြစ်ပြီး သုံးငွေမှာ ကျပ် ၃၈၅၄ ဒသမ ၀၈၃ ဘီလျံ ဖြစ်သည့် အတွက် ကျပ် ၆၇၀ ဒသမ ၀၅၅ ဘီလျံ ပိုမိုသုံးစွဲခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ငွေဖြင့် ရပ်တည်သော စည်ပင်သာယာရေး အဖွဲ့များမှာမူ ရငွေကျပ် ၁၇၉ ဒသမ ၅၆၆ ဘီလျံဖြစ်ပြီး သုံးငွေမှာ ၁၅၄ ဒသမ ၄၀၄ ကျပ်ဘီလျံ ဖြစ်ကြောင်း ဖော်ပြထားသည်။
ဝင်ငွေရရှိသည့် နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများမှာမူ ရငွေ ၃၄၂၆ ဒသမ ၀၈၃ ကျပ်ဘီလျံ ဖြစ်သော်လည်း သုံးငွေမှာမူ ၃၆၄၀ ဒသမ ၀၅၄ ဘီလျံ ဖြစ်သည့် အတွက် ကျပ် ၂၁၃ ဒသမ ၉၇၁ ဘီလျံပိုမို သုံးစွဲခဲ့ကြကြောင်း သိရသည်။
ထို့အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွက် အမှန်ရငွေ စုစုပေါင်းမှာ ကျပ် ၆၈၀၉ ဒသမ ၉၅၂ ဘီလျံ (၆ ဒသမ ၈၀၉ ထရီလျံ)ဖြစ်ပြီး သုံးငွေမှာ ကျပ် ၈၄၀၆ ဒသမ ၃၉၉ ဘီလျံ (၈ ဒသမ ၄၀၆ ထရီလျံ) ဖြစ်သည့်အတွက် လိုငွေပြမှုမှာ ကျပ် ၁၅၉၆ ဒသမ ၄၄၇ ဘီလျံ (၁ ဒသမ ၅၉၇ ထရီလျံ) ဖြစ်သည်။မြန်မာနိုင်ငံ၏ GDP အမှန်မှာ ၄၄ ဒသမ ၃ ကျပ်ထရီလျံ ဖြစ်သည့်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက် လိုငွေပြမှုနှင့် GDP အချိုးမှာ ၃ ဒသမ ၆၀ ရာခိုင်နှုန်း ရှိနေသည်။ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အမှန်ရငွေ သုံးငွေအပေါ် သုံးသပ်ချက်မှာ နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်းများသည် ရငွေထက် ပိုသုံးခဲ့ကြောင်း၊ တစ်ဒေါ်လာလျှင် ခုနစ်ကျပ်နှုန်းဖြင့် တွက်ချက်ခဲ့ခြင်း၊ အသုံးပြုသည့် ငွေအချို့ကိုမူ တစ်ဒေါ်လာလျှင် ပေါက်ဈေးဖြင့် ပြန်တွက်ခြင်းများကြောင့် ဖြစ်ကြောင်း သုံးသပ်ထားသည်။
ယင်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် တရားဝင် ငွေလဲနှုန်းကို သတ်မှတ်ထားပြီး ဖြစ်သော်လည်း အဆိုပါ တရားဝင် ငွေလဲလှယ်နှုန်းမှာ ဈေးကွက် ပေါက်ဈေးထက် များစွာလျော့နည်း နေသဖြင့် ဘတ်ဂျက် စာရင်းများမှာ ပွင့်လင်းမြင်သာမှု မရှိသေးကြောင်းလည်း ထပ်မံသုံးသပ် ဖော်ပြထားသည်။ဝန်ကြီးဌာန၊ ဗဟိုအဖွဲ့အစည်း၊ နိုင်ငံတော်ပွားရေး အဖွဲ့အစည်းများ၊ စည်ပင်အဖွဲ့များ အနေဖြင့် ဘတ်ဂျက်ရငွေသုံးငွေ အမှန်စာရင်း တင်ပြရာ ဌာနတစ်ခုချင်း အလိုက် ရငွေသုံးငွေ အသေးစိတ် မတင်ပြသည့် အတွက်လည်း ထိရောက်စွာ အသေးစိတ် မစစ်ဆေးနိုင်သည့် အခက်အခဲ ရှိခဲ့သည်ဟုလည်း သိရသည်။
Weekly Journal

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား