img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, July 24, 2013

မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအား အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် အသစ်ပြန်လည်ရေးဆွဲရန် ပြင်ဆင်လျက်ရှိ


ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ဇူလိုင် ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပရာ မေးခွန်း(၁ဝ)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခု အစီရင်ခံစာ တင်သွင်းခြင်း၊ ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေး အဆိုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ လသာမဲဆန္ဒနယ်မှ ဦးကြည်မြင့်၏ Burma Company Act -1914 ပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ ခုနှစ် ဥပဒေသည် နှစ် ၁ဝဝ ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေ မရှိတော့သည့်အတွက် ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း။
ဥပဒေအား ပြန်လည် ပြင်ဆင်ရာတွင် နိုင်ငံတကာအဆင့်မီ ဥပဒေဖြစ်ရေး၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ လွယ်ကူ ချောမွေ့စွာ လုပ်ကိုင်နိုင်ရေး၊ နောင်တွင် Online ဖြင့် ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းများဆောင်ရွက်သည့်အခါ လိုက်လျောညီထွေ ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းထက် အသစ်ပြန်လည်ရေးဆွဲခြင်းက ပိုမိုမြန်ဆန်၊ လွယ်ကူ၊ ထိရောက်မည်ဖြစ်ကြောင်း ဖော်ထုတ် ရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအား အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် အသစ်ပြန်လည်ရေးဆွဲရန် ပြင်ဆင်လျက်ရှိပါကြောင်းဖြင့် ဖြေကြားခဲ့သည်။ လသာမဲဆန္ဒနယ်မှ ဦးကြည်မြင့်က ''ဒုတိယဝန်ကြီးကတော့ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ နိုင်ငံခြားသားနဲ့ နိုင်ငံသားမခွဲခြားပါနဲ့ဆိုတဲ့ သဘောမျိုး ပြောသွားတယ်။ ကျွန်တော်ကတော့ ခွဲခြားချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေမှာ မသိနားမလည်တဲ့ အတွက်ကြောင့် ဆုံးရှုံးသွားရတဲ့ အနေအထားတွေများလွန်းတဲ့အတွက် ထောက်ပြတဲ့သဘောပါ။ ပြင်ဆင်တယ်ဆိုတာက ခုနကပြောသလို နိုင်ငံခြားသားက ကိုယ့်ကိုခင်လို့ မင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကသူ့ကို လက်ခံလိုက်တယ်ဆိုရင် ဥပမာရှယ်ယာလေးတစ်စောင်၊ တစ်စုလေး လက်ခံလိုက်တယ်ဆိုပါတော့ အဲဒါကတစ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုပေမယ့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ တစ်ခုက လုံးဝနိုင်ငံခြားသားပိုင်ကုမ္ပဏီ တစ်ခုဖြစ်သွားတယ်။ အဲဒီတော့ လောလောဆယ်မှာ မြန်မာနိုင်ငံသား ပိုင်ကုမ္ပဏီနဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီခွဲခြားမှုက ရှိနေသေးတဲ့အတွက် မြန်မာနိုင်ငံသား ကုမ္ပဏီပိုင်ဆိုင်သူက နစ်နာနေသေးတယ်။ ဒုတိယ ဝန်ကြီးပြောသလို နိုင်ငံသားပိုင်ကုမ္ပဏီနဲ့ နိုင်ငံခြားသားပိုင်ကုမ္ပဏီ ခွဲခြားမှု မရှိတော့ဘူးဆိုတဲ့အချိန်ကို ရောက်မှာပါ။ အခုလည်း အဲဒီဘက်ကိုသွားနေကြတယ်။ အဲဒီအချိန်ရောက်ရင်တော့ ဒီကိစ္စက သိပ်ပြောစရာအကြောင်း မရှိပါဘူး။ သို့သော်လည်းပဲ လက်ရှိမှာရှိနေသေးတော့ ဒီဥပဒေကိုပြင်ဖို့ သော်လည်းကောင်း၊ ဖျက်ဖို့သော် လည်းကောင်း တစ်ခုခုတော့ လုပ်ဖို့လိုနေသေးတယ်လို့ ဆိုလိုခြင်းဖြစ် ပါတယ်'' ဟု ပြောပြခဲ့သည်။ အစည်းအဝေး၌ မြန်မာ-ဗီယက်နမ် လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် လွှတ်တော်က အတည်ပြုခဲ့သည်။ ယင်းသို့ အတည်ပြုနိုင်ခဲ့ခြင်းကြောင့် သဘောတူညီမှု လက်မှတ် ရေးထိုးပြီးသည့်အခါ နှစ်နိုင်ငံ အစိုးရချင်း၊ လွှတ်တော်ချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်ရုံသာမက ပြည်သူ အချင်းချင်းတွင်လည်း ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာမည် ဖြစ်သည်။ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားခဲ့ပြီး အစည်းအဝေး ၁၄ ရက်မြောက် နေ့ကို ဇူလိုင် ၂၄ ရက် နံနက် ၁ဝ နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား