ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မဇင်မာအောင်တို့ကို စကားစစ်ထိုးပွဲတွင် တွေ့ရစဉ် (Photo: AFP)
ဘီဘီစီရုပ်သံလိုင်းမှ
အပတ်စဉ် ကျင်းပသည့် စကားစစ်ထိုးပွဲအား နေပြည်တော်တွင် ကျင်းပသည့်
အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ဖွင့်ပွဲတွင် လာရောက်ပြုလုပ်ခဲ့သည်။
အဆိုပါ စကားစစ်ထိုးပွဲမှ ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ပြုပြင်ပြောင်းလဲမှု
Nick Goring (Presenter) - မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲ ဖြစ်စဉ်အား နောက်ပြန် ပြန်လှည့် သွားနိုင်လား။
ဒေါ်အောင်ဆန်းစုကြည် -
တကယ်မေးရမယ့် မေးခွန်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန် လှည့်နိုင်သလား
ဆိုတာထက် လူတချို့ရဲ့ စိတ်နေစိတ်ထားတွေဟာ ပြောင်းလဲသွားနိုင်သလား
ဆိုတဲ့မေးခွန်းကို ပိုမေးသင့်ပါတယ်။ တကယ်လိုအပ်တဲ့ အရာက အမျိုးသား
ရင်ကြားစေ့ရေးပါ။ ပြည်သူအများစုဆီက ရှေ့ဆက်သွားလိုတဲ့ ဆန္ဒရှိဖို့
လိုအပ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်ချက်တွေနဲ့ ဆုံးဖြတ်မှုတွေ အပေါ်မှာ
အများကြီး မူတည်ပါတယ်။ တကယ်ဆန္ဒရှိရင် နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့
ယုံကြည်ပါတယ်။
ဇင်မာအောင်
(နိုင်ငံရေး အကျဉ်းသားဟောင်း) - ကျွန်မ အဓိက စိုးရိမ်တဲ့ အချက်ကတော့
ဒီပြုပြင်ပြောင်လဲရေး လုပ်ငန်းစဉ်တွေဟာ ရှေ့ဆက်သွားနေတာလား၊ ဒါမှမဟုတ်
စက်ဝိုင်းလို လည်နေတာလား ဆိုတာပဲ။
အောင်ဇော် (ဧရာဝတီ
သတင်းဌာန အယ်ဒီတာချုပ်) - ဒီပြုပြင် ပြောင်းလဲမှုဟာ လုပ်ငန်းစဉ်တစ်ခုပါပဲ။
ဒီကနေပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ကျွန်တော် မြန်မာနိုင်ငံကို ပြန်ရောက်လာကတည်းက ပြည်သူတွေဟာ စိတ်လှုပ်ရှား
ပျော်ရွှင်နေကြပါတယ်။ ကျွန်တော် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေအပြင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ တွေ့ခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ကောင်းမွန်တဲ့အစိုးရ၊
တရားဥပဒေစိုးမိုးရေး စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောတာတွေ ခဏခဏ
ကြားဖူးပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာကတော့ လက်တွေ့လုပ်ဆောင်ချက်တွေ မရှိတာဘဲ။
ပိုအရေးကြီးတာက အာဏာနဲ့ ချမ်းသာမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းက
မြန်မာနိုင်ငံကို ရက်ရက်စက်စက် အုပ်ချုပ်ခဲ့တဲ့လူတွေ လက်ထဲမှာပဲ
ရှိနေသေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည် -
ဒါဟာ အားလုံးပါဝင်မှုနဲ့ သက်ဆိုင်ပါတယ်။ တကယ်လို့ ပြည်သူတွေက
ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ သူတို့နဲ့သက်ဆိုင်တယ်လို့
ခံယူတယ်ဆိုရင် လုံးဝနောက်ပြန်လှည့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေက
ဒီပြုပြင်ပြောင်းလဲမှုဟာ သူတို့နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ခံစားရရင်တော့
နောက်ပြန်လှည့်နိုင်တဲ့ အန္တရာယ်ဟာ ကြီးမားလွန်းပါတယ်။
ဇင်မာအောင် -
လူငယ်မျိုးဆက်တွေပါ ဒီပြောင်းလဲမှုမှာ ပါဝင်လာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင်
ပြည်သူတွေရဲ့ နိုင်ငံရေးအသိ တိုးတက်မှသာ ပြုပြင်ပြောင်လဲရေးလုပ်ငန်း
နောက်ပြန်မလှည့်နိုင်မှာ ဖြစ်ပါတယ်။
ကိုကို (စက်မှု) -
လူတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို
ပြည်သူအများစု ကြုံတွေ့နေရတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ စိတ်နေစိတ်ထားတွေနဲ့
လုပ်ဆောင်နိုင်မှု ပမာဏတွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့
ပြောဆိုနေကြပါတယ်။
ဘီဘီစီ၏ စကားစစ်ထိုးပွဲ အစီအစဉ် ရိုက်ကူးနေမှုကို တွေ့ရစဉ်
မီဒီယာနှင့် သတင်းအချက်အလက်
အောင်ဇော် -
ကျွန်တော်မေးချင်တာက တစ်နေ့နေ့မှာ ဒီပြန်ကြားရေး ၀န်ကြီးဌာနဟာ
ဆက်ရှိနေဦးမလား၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာတဲ့ အချိန်မှာ
ဖျက်သိမ်းလိုက်မလားဆိုတာ သိချင်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့
သတင်းရေးလို့ မရတဲ့ အကြာင်းအရာတွေ အများကြီး ရှိနေပါတယ်။ ဥပမာ အရင်က
ထိပ်တန်းခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ၊ အကျင့်ပျက်
ခြစားမှုတွေကို ရေးသားလို့ မရပါဘူး။ အဲဒါတွေ ရေးသားမိရင် ဘာတွေဖြစ်လာမလဲ။
ဦးစိုးသိန်း
(သမ္မတရုံး ပြည်ထောင်စုဝန်ကြီး) - ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။
စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ မီဒီယာဟာ ပိုမို တိုးတက်လာပါပြီ။ အမေရိကန်၊
စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ယှဉ်ကြည့်လိုက်ပါ။
ကျွန်တော်တို့ဟာ တစ်ဆင့်ချင်းဆီ တက်လှမ်းရမှာ ဖြစ်ပါတယ်။ တကယ်လိုအပ်တဲ့
အရာက မီဒီယာတွေရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့နဲ့
ပြန်လည်ချိန်ကြည့်ဖို့ပါပဲ။ အရင်အခြေအနေနဲ့ ပြန်ကြည့်လိုက်ရင်တော့
လက်ရှိမှာ စာနယ်ဇင်းလောကဟာ ပိုမို ကောင်းမွန်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မတို့နိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ မရသေးပါဘူး။
ပွင့်လင်းမြင်သာမှုကို ကြောက်ရွံ့နေတာတွေ ရှိပါသေးတယ်။ ပွင့်လင်းမြင်သာမှုကို
ကြောက်နေလို့ မဖြစ်ပါဘူး။ ဒါကို ရင်ဆိုင်မှသာ ရင့်ကျက်တဲ့ ဒီမိုကရေစီကို
ရရှိမှာပါ။ ကျွန်မတို့အတွက် မလိုအပ်တဲ့အရာက ဆင်ဆာတည်းဖြတ်တဲ့ ၀န်ကြီးဌာနကို
မလိုအပ်ပါဘူး။ ပြည်သူ သန်း ၆၀ သိသင့်တဲ့ သတင်းအချက်အလက်တွေ ပေးအပ်တဲ့
ဝန်ကြီးဌာနဆိုရင်တော့ လက်ခံပါတယ်။
ဦးစိုးသိန်း - ပွင့်လင်းမြင်သာမှုကို ကျွန်တော် မကြောက်ပါဘူး။ ပြည်သူတိုင်း Freedom from Fear ဆိုတဲ့ စာအုပ်ကို ဖတ်သင့်ပါတယ်။
ဒီမိုကရေစီနိုင်ငံရှိ စစ်တပ်၏ အခန်းကဏ္ဍ
Nick Goring -
စစ်တပ်အနေနဲ့ လွှတ်တော်အပေါ်မှာ ထားရှိတဲ့ ချုပ်ကိုင်မှုတွေနဲ့
ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်ဖို့ ကြိုးစားနေတာတွေဟာ ဒီမိုကရေစီနည်းလမ်း
မကျပါဘူး။ ဒါတွေကို ရပ်တန့်ဖို့ အဆင်သင့်ဖြစ်ပြီလား။
ဦးစိုးသိန်း -
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အရာအားလုံးကို စစ်တပ်ကနေ ချုပ်ကိုင်ထားပါတယ်။
ကျွန်တော့် အမြင်ကတော့ အားလုံးဟာ တဖြည်းဖြည်း ပြောင်းလဲလာပါပြီ။
ဘယ်လိုမျိုး တဖြည်းဖြည်း ပြောင်းလဲလာလဲ ဆိုတာတော့ လွှတ်တော်
ပြောရေးဆိုခွင့်ရှိသူနဲ့ပဲ သက်ဆိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မအနေနဲ့ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ကျပြီး ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်း
ဖြစ်စေချင်ပါတယ်။ စစ်ခေါင်းဆောင်တွေကိုလည်း ပြည်သူတွေနဲ့ ပူးပေါင်းပြီး
နိုင်ငံ့ကောင်းကျိုးအတွက် လက်တွဲလုပ်ဆောင် စေချင်ပါတယ်။ ဒါမှသာ စစ်တပ်ကို
ပြည်သူတွေက လေးစားချစ်ခင်မှာ ဖြစ်ပါတယ်။
Nick Goring -
ဒေါ်အောင်ဆန်းစုကြည် သင့်အနေနဲ့ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ မျှော်လင့်ဖူးပါသလား။
ဒေါ်အောင်ဆန်းစုကြည် - ဥပဒေပြင်ဆင်ဖို့အတွက် ထိုင်ပြီးမျှော်လင့်နေမယ့်အစား ဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။
တရားဥပဒေစိုးမိုးမှု
ဒေါ်အောင်ဆန်းစုကြည် - တရားဥပဒေစိုးမိုးမှု ရရှိမှုအတွက် လွတ်လပ်တဲ့ တရားစီရင်မှု မဏ္ဍိုင်ရှိဖို့ လိုပါတယ်။
ဦးစိုးသိန်း - တရားဥပဒေစိုးမိုးမှု အားနည်းရတာဟာ လုပ်နိုင်စွမ်းနဲ့ ထိန်းသိမ်းမှု အားနည်းလို့ ဖြစ်တာပါ။
အမျိုးသားရင်ကြားစေ့ရေး
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ - တိုင်းရင်းသား ရင်ကြားစေ့ရေးအတွက် ဖက်ဒရယ် စနစ်က အဖြေလား။
ဦးစိုးသိန်း - တိုင်းရင်းသား ရင်ကြားစေ့ရေး ရဖို့အတွက် ကျွန်တော်တို့ အတက်နိုင်ဆုံး ကြိုးစားနေပါတယ်။
ခရိုနီ
ဒေါ်အောင်ဆန်းစုကြည် -
လုပ်ငန်းရှင်အချို့ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ငွေများများ
ရရှိခဲ့ပြီး အခုအချိန်မှာ အဲဒီငွေတွေကို လူသားချင်း စာနာထောက်ထားမှု
အကူအညီတွေအတွက် သုံးစွဲနေပါတယ်။ ဒီလိုမျိုး သုံးစွဲဖို့အတွက်
လှူဒါန်းငွေတွေကို လက်ခံတာဟာ အခြားနေရာတွေမှာ သုံးတာထက် ကောင်းပါတယ်။
တာဝန်ယူမှု
Nick Goring - အရင်က ပြုလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပြီလား။
ဇင်မာအောင် - နောင်လာနောက်သားတွေ သိမြင်လာအောင် သမိုင်းဖြစ်ရပ်တွေကို ဖျောက်ဖျက်လို့ မရပါဘူး။
ဒေါ်အောင်ဆန်းစုကြည် -
အတိတ်ကို ရဲရဲဝင့်ဝင့် ရင်ဆိုင်မှသာ အနာဂတ်ကို လွတ်လပ်စွာ
လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ လက်စားချေမှုတော့ လက်မခံပါဘူး။ တာဝန်ယူမှု
ဆိုတာ သတ္တိရှိမှ လုပ်လို့ရတာပါ။ တိုင်းပြည်ပြောင်းလဲ စေချင်တယ်ဆိုရင်
အတိတ်က အမှားတွေအတွက် တာဝန်ယူနိုင်ရပါမယ်။
နိုင်ငံသားဖြစ်မှု
Nick Goring -
မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီရှစ်သိန်းအတွက် ဘာလုပ်ပေးနိုင်မှာလဲ။
ခေါင်းဆောင် တစ်ယောက်အနေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့
မလိုဘူးလား။
ဦးစိုးသိန်း - ကျွန်တော်တို့အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူပေးရပါမယ်။
သန့်မြင့်ဦး (သမိုင်းပညာရှင်) - ဒါလွတ်လပ်ရေး မတိုင်ခင်ကတည်းက ရှိခဲ့တဲ့ ပြဿနာပါ။
ဒေါ်အောင်ဆန်းစုကြည် -
ပထမဦးဆုံးအနေနဲ့ ဒီဘင်္ဂါလီအရေးမှာ ဘာမှမပြောပဲ နေခဲ့တာ မဟုတ်ပါဘူး။
သူတို့ကြားချင်တဲ့ အရာကို မပြောဘဲ နေခဲ့တာပါ။ လူတိုင်းလိုချင်တဲ့
အဖြေကိုတော့ ပေးနိုင်မှာ မဟုတ်ပါဘူး။ အရင်ဆုံး လိုအပ်ချက်က တရားဥပဒေ
စိုးမိုးရေးပါပဲ။ ပြည်သူတွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှသာ
တိုင်းရင်းသား ရင်ကြားစေ့ရေးကို လုပ်ဆောင်နိုင်မှာပါ။ လူသားတိုင်းဟာ
လုံခြုံမှုရှိစွာ နေထိုင်သင့်တယ်လို့ ယုံကြည်ပါတယ်။ လက်ရှိအုပ်ချုပ်တဲ့
သူတွေအနေနဲ့ ပြည်သူတွေ လုံခြုံမှုရှိအောင် ဆောင်ရွက်ပေးရပါမယ်။ ၁၉၈၂ ခုနှစ်
နိုင်ငံသား ဖြစ်တည်မှု ဥပဒေကို ပြန်စစ်ဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ
ဖြစ်နေတဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ကျွန်မတို့ သတိထားမိဖို့ လိုပါတယ်။
http://www.news-eleven.com
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား