img.emoticon { padding: 0; margin: 0; border: 0; }

Thursday, June 28, 2012

ဆက်သွယ်ရေး၊ ယှဉ်ပြိုင်ရေးနှင့် ဥပဒေခိုင်မာရေး



Photo

By Smart News 
ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု

ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုနည်းပညာများကို နိုင်ငံအတွင်း စနစ်တကျ ပြန်လည် အသုံးချမှုသည် နိုင်ငံတစ်ခု၏ တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်သည်ဟု ဟားဗတ်တက္ကသိုလ် ပါမောက္ခ Jorgenson ကဆိုခဲ့သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) နိုင်ငံများတွင် ဆက်သွယ်ရေး တိုးတက်ဖွံ့ဖြိုးမှုသည် ထိုနိုင်ငံများ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ရရှိစေရန် သုံးပုံတစ်ပုံမျှ အထောက်အကူပြုခဲ့သည်ဟု အခြားပညာရှင် အုပ်စုတစ်ခုက တင်ပြခဲ့သည်။ ပညာရှင်များ ဖြစ်ကြသည့် Waverman, Meshi နှင့် Fuss သုံးဦးတို့၏ ၂၀၀၅ ခုနှစ်က သုတေသနပြုချက်အရ “မိုဘိုင်းဖုန်း တိုးတက်မှုသည် စီးပွားရေးတိုးတက်မှုအပေါ် ထူးခြားသိသာပြီး ကောင်းကျိုးပေးသော အကျိုးသက်ရောက်မှုများ ရှိစေသည်။ အထူးသဖြင့် မိုဘိုင်းဖုန်းကြောင့် ရရှိမည့်ကောင်းကျိုး၌ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရသည့် ကောင်းကျိုးထက် ဖွံ့ဖြိုးဆဲနိုင်ငံတွင် ရမည့်ကောင်းကျိုးက ၂ ဆ ပိုများလိမ့်မည်” ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ (ITU) ၏ လေ့လာချက်အရ “ဖွံ့ဖြိုးဆဲနိုင်ငံများ၌ တယ်လီဖုန်းလိုင်း (ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်း ၂ မျိုးစလုံး အကျုံးဝင်ပါသည်) တစ်လိုင်းအသစ် တပ်ဆင် အသုံးပြုတိုင်း ထိုနိုင်ငံ၏ တိုင်းပြည်ဝင်ငွေ (GDP) ကို အမေရိကန်ဒေါ်လာ ၄၅၀၀ မျှ တိုးပွားစေနိုင်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စာမတတ်မြောက်မှု ပပျောက်ရေးနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရေးသည် စိန်ခေါ်ချက်များ ဖြစ်၏။ ဆက်သွယ်ရေးကဏ္ဍက ကောင်းစွာ သက်ဝင်လှုပ်ရှား အလုပ်လုပ်ပါမှ ထိုစိန်ခေါ်ချက်များ အားလုံးကို ဖြေရှင်း၍ရနိုင်မည်” ဟု လေ့လာတွေ့ရှိရ၏။

၁၉၈၀ ခုနှစ်များတွင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သည်။ ပထမဆုံး အမေရိကန်၌၊ ထို့နောက် အင်္ဂလန်နိုင်ငံ၊ ထို့နောက် ဥရောပ၊ လက်တင်အမေရိက၊ အာရှ၊ အာဖရိက အဆင့်ဆင့်ပျံ့နှံ့သွားခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရခြင်း၏ အကြောင်းရင်းများစွာ ရှိသည့်အနက် နည်းပညာအပြောင်းအလဲ လျင်မြန်လာခြင်းနှင့် ဆက်သွယ်ရေးကဏ္ဍ ပိုမိုတိုးတက်ဖွံ့ဖြိုးကာ တိုင်းပြည်စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုရာမှ တစ်ဆင့် ပြည်သူလူထု၏ လူနေမှုဘဝကို ပိုမိုတိုးတက် မြင့်မားစေလိုခြင်းက အဓိကနေရာမှ ပါဝင်ခဲ့သည်။ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အခြေခံအုတ်မြစ်များပင် ဖြစ်သည်ဟု ဖွံ့ဖြိုးဆဲနိုင်ငံများက မှတ်ယူကြသည်။ နိုင်ငံတော်အနေနှင့် ဂရုစိုက်ရမည့်နေရာ၊ လုပ်ရမည့် အလုပ်များစွာရှိရာ နေရာတစ်ခုတည်းကို ဘဏ္ဍာငွေ ပုံအောပေးရန် ကန့်သတ်ချက် ရှိနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ၌ အစိုးရက ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ခြင်းအစား ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းပြီး တိုးတက်အောင်မြင်ရေးကို လုပ်လာကြသည်။ ဆက်သွယ်ရေးကဏ္ဍအား ပြုပြင်ပြောင်းလဲရေးလုပ်ရာတွင် လက်တင်အမေရိကတိုက် နိုင်ငံများ၌ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း၏ စတော့ရှယ်ယာများကို နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများထံသို့ ရောင်းချလေ့ရှိ၏။ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ ပူးပေါင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းများပင် ဖြစ်၏။

ထိုအဖွဲ့အစည်းများက ဒေသခံ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပေါင်းပြီး နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း၏ စတော့ရှယ်ယာများကို ဝယ်ယူကြ၏။ ထိုရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများသည် သက်ဆိုင်ရာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင်  အထူးအခွင့်အရေးများ ရကြ၏။ အထူးအခွင့်အရေးဆိုသည်မှာ ဆက်သွယ်ရေးဆိုင်ရာ အခြေခံဝန်ဆောင်မှု (Basic Service) နှင့်ပတ်သက်၍ ၅ နှစ်မှ ၁၀ နှစ်အတွင်း လက်ဝါးကြီး အုပ်ဆောင်ရွက်ခွင့်ရခြင်းကို ဆို၏။ ဆက်သွယ်ရေးဆိုင်ရာ အခြေခံဝန်ဆောင်မှုနှင့် ပတ်သက်၍ နိုင်ငံတစ်ခုနှင့်တစ်ခုအကြား အဓိပ္ပာယ်သတ်မှတ်ပုံ မတူညီကြပေ။ အာဂျင်တီးနားနိုင်ငံတွင် ကြိုးဖုန်းပေါ်၌ လူတစ်ဦးနှင့်တစ်ဦး အသံဖြင့် အဆက်အသွယ်လုပ်ခြင်းကို အခြေခံဝန်ဆောင်မှုဟု သတ်မှတ်၏။ ဆက်သွယ်ရေးကဏ္ဍအား  ပြုပြင်ပြောင်းလဲမှုများ လုပ်ရာတွင် အချို့ကိုပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းပေးခဲ့ခြင်းမျိုး ရှိ၏။ ဤသို့ ဆောင်ရွက်ရာ၌ ဝန်ထမ်းများ၏ အလုပ်အကိုင်များ ထိခိုက်မည်ကို စိုးရိမ်ပြီး ဆန့်ကျင်မှုများလည်း ဖြစ်ပေါ်ခဲ့၏။ သို့သော်လည်း နိုင်ငံအများစုနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်း၏ စတော့ရှယ်ယာများအား ဆက်သွယ်ရေးဝန်ထမ်းများကို ပြန်လည်ရောင်းချခြင်း၊ ဝန်ထမ်းများအား ပြန်လည်လေ့ကျင့်ပြီး ခန့်ထားခြင်း၊ အငြိမ်းစားယူမှုဆိုင်ရာ ထောက်ပံ့မှုများ ရက်ရောစွာပေးခြင်းတို့ဖြင့် ပြေလည်အောင် ဖြေရှင်းပေးခဲ့ကြသည်ချည်း ဖြစ်၏။ အချို့ကလည်း နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းကို ပြည်ပရင်းနှီးမြှုပ်နှံသူများအား ထုတ်ရောင်းပါက နိုင်ငံ၏ စရိုက်လက္ခဏာ (Identity) ကို ထိခိုက်မှာ စိုးရိမ်ကြ၏။ အထူး စိုးရိမ်ကြသည့်အချက်မှာ နိုင်ငံတော် ဆက်သွယ်ရေးကဏ္ဍကို လုပ်ကိုင်ခွင့်ရပါက နိုင်ငံတော်၏ လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိလာနိုင်မည်ဟု သုံးသပ်ခြင်းပင် ဖြစ်၏။ နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် အသွင်ပြောင်းရေး လုပ်ကိုင်ကြရာတွင် အသုံးပြုသော Model ပုံစံ ၄ မျိုးကို တွေ့ရ၏။ ၎င်းတို့မှာ

(က) အပြည့်အဝ ပြိုင်ဆိုင်ခွင့်ပေးပြီး ပုဂ္ဂလိက ပြုလုပ်ခြင်း (Privatisation with Full Competition)
(ခ) ပြိုင်ဆိုင်မှုကို အဆင့်အလိုက် ခွင့်ပြုပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း (Privatisation with Phased-In Competition)
(ဂ) ပုဂ္ဂလိကပိုင် မပြုလုပ်ဘဲ ဆက်သွယ်ရေးဈေးကွက်ကို ဖြေလျှော့ပေးခြင်း (Liberalisation withoutPrivatisation)
(ဃ) ဖြေလျှော့ခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းမရှိဘဲ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (Private sector participation without privatisation and Liberalisation)
ဆက်သွယ်ရေးကဏ္ဍ၌ အပြည့်အဝ ပြိုင်ဆိုင်ခွင့်ပေးပြီး ပုဂ္ဂလိကပြုလုပ်ခြင်း လမ်းကြောင်းကို နိုင်ငံအနည်းငယ်ကသာ ရွေးချယ်ကြပါသည်။ သုံးစွဲသူများအတွက် လက်ငင်းအကျိုးရှိစေလိုသော နိုင်ငံများအနေနှင့် ဖော်ပြပါ Model (က) နှင့် (ဂ) ကို ရွေးချယ်လေ့ရှိပါသည်။ သို့သော် ရေရှည်၌ စဉ်ဆက်မပြတ် အောင်မြင်ရေးအတွက် ဥပဒေကြောင်းအရ အပြည့်အဝ အခိုင်အမာ ရှိထားရန် လိုပါသည်။ ဤကဲ့သို့ ဖြစ်ရန်အတွက်လည်း အချိန်ယူရပါမည်။ ပြိုင်ဆိုင်မှုကို အဆင့်လိုက်ခွင့်ပြုပြီး ပုဂ္ဂလိကလုပ်ခြင်းသည် ညင်သာသော အရွေ့ဖြစ်ပါသည်။ ဤအရွေ့က ဥပဒေကြောင်းကိုလည်း ပိုမို ခိုင်မာစေပါသည်။ သို့သော် အသွင်ကူးပြောင်းမှု ပြုပြင်ပြောင်းလဲရေး ကာလကြာမြင့်ပါက ဤပုံစံ၏ အကျိုးကျေးဇူးများ ထိခိုက်လာနိုင်ပါသည်။ ဆက်သွယ်ရေးသည် တိုင်းပြည်၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါသည်။ ဆက်သွယ်ရေး၏ ပြုပြင်ပြောင်းလဲမှုကလည်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုကို မလွဲမသွေ အထောက်အကူ ပြုရမည်သာ ဖြစ်ပါသည်။ သို့သော်... ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် ဥပဒေနည်းဥပဒေများကို အရင်ဦးအောင် ကိုင်တွယ် ဆောင်ရွက်ပြုပြင်ခဲ့သော နိုင်ငံများသည်သာ ရေရှည်၌ သိသာထင်ရှားသော အောင်မြင်မှုများရခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

မောင်ရင်နွယ်

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား