့ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အချို့တွင် ပြည်သူ့ဘဏ္ဍာငွေများကို
မိမိကိုယ်ပိုင် ငွေစုစာအုပ်တွင် ထည့်သွင်း၍ အတိုးပေးစားနေခြင်း၊ လက်ဝယ်
ကိုင်ဆောင်ပြီး နေ့ပြန်တိုးပေးခြင်း၊ မိမိလုပ်ငန်းတွင် ခေတ္တစိုက်ထုတ်
ရင်းနှီးမြှုပ်နှံခြင်း စသည့် ဘဏ္ဍာရေး စည်းမျဉ်း၊ ဝန်ထမ်း
စည်းမျဉ်းများနှင့် မညီညွတ်သော ဆောင်ရွက်မှုများမှာ လက်ရှိအချိန်အထိ
လျော့နည်းသွားခြင်း မရှိသေးကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း
ပူးပေါင်း ကော်မတီက ထုတ်ဖော် ပြောကြားလိုက်သည်။
ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ခုနှစ် ပထမ ခြောက်လပတ် နိုင်ငံတော်အရ အသုံးစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်မှ တင်ပြချက်အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဝန်ကြီးဌာန အချို့တွင် ငွေလုံးငွေရင်း အသုံးစရိတ်များကို ဆောက်လုပ်ရေး လုပ်ငန်းများ စိစစ်ရေး ကော်မတီသို့ တင်ပြမှု မရှိခြင်း၊ တင်ဒါခေါ်ယူမှု မရှိဘဲ ကုမ္ပဏီများကို လက်သိပ်ထိုး လုပ်ငန်းအပ်နှံခြင်း၊ ပစ္စည်း ဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် မရိုးဖြောင့်သော လုပ်ကိုင်ဆောင်ရွက်မှုများကို ညွန်ကြားရေးမှူး၊ ဦးဆောင်ညွန်ကြားရေးမှုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ကိုယ်တိုင် ပြုလုပ်နေသဖြင့် တင်းတင်းကျပ်ကျပ် အရေးယူသွားရန် လိုအပ်ကြောင်း ကော်မတီကိုယ်စား အဖွဲ့ဝင် ဦးညီညီမြင့်က ပြောဆိုခဲ့သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှုအရ ဘဏ္ဍာရေး စည်းမျဉ်း လိုက်နာမှု အာနည်းနေသော အရာရှိကြီးများကို ဆုပေးဒဏ်ပေး စနစ်ဖြင့် ကျင့်သုံးသွားရန် လိုအပ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။
ထို့အပြင် အစိုးရ အဖွဲ့အစည်း အချို့၏ နှစ်အဆက်ဆက် ကြွေးကျန်များကို ၂၀၁၄ ခုနှစ် မတ်လအတွင်း ပြီးစီးသည်အထိ ရှင်းလင်းရန် စာရင်းရှင်းလင်းရေး အဖွဲ့မှ တာဝန်ခံခဲ့သော်လည်း ၃၅ ရာခိုင်နှုန်းသာ ရှင်းလင်းနိုင်သည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဝန်ကြီးဌာန အများစုသည် ပြည်ထောင်စုလွှတ်တော်မှ သုံးစွဲခွင့်ပြုထားသည့် ရန်ပုံငွေများကို ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိသည့်အပြင် ပိုလျှံငွေများကို အချိန်မီ ပြန်လည်အပ်နှံခြင်း မရှိကြောင်း၊ ယင်းပိုလျှံငွေသည် နောက်ဆက်တွဲဘဏ္ဍာ တိကျမှန်ကန်စွာ မလုပ်နိုင်ခြင်းကြောင့် ငွေကြေး အရှုပ်အထွေးများ ဆက်လက် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
ယင်းအစီရင်ခံစာကို ဆွေးနွေးမည့် ကိုယ်စားလှယ်များ ရှိပါက လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား