img.emoticon { padding: 0; margin: 0; border: 0; }

Wednesday, June 4, 2014

သမချေးငွေယူသူများအား ပါတီဝင်ဖောင်ဖြည့်ခိုင်းဟုဆို

ဝင်းကိုကိုလတ်| ACM Re-Post 5-6-2014

သမ၀ါယမ၀န်ကြီးဌာနက ချေးငွေများပေးအပ်ရာ၌ အချို့နယ်များတွင် ငွေချေးငှားသူများ၏ ကိုယ်ရေးအချက်အလက်များကို ယူကာပါတီတစ်ခု၏ ဖောင်များဖြည့်ခိုင်းခြင်းရှိနေသဖြင့် အင်န်အယ်လ်ဒီ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

၎င်းက “ငွေချေးတဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုယူပြီး သူတို့ပါတီဖောင်မှာ ဖြည့်ခိုင်း တယ်”ဟု ယနေ့ ကျင်းပသည့် လွှတ်တော်အပြီးတွင် ပြောသည်။

“ပါတီနာမည်ကတော့ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ဘယ်ပါတီဆိုတာ လူတိုင်းသိပါတယ်”ဟု ဖြည့်စွက် ပြောသည်။

ဦးဝင်းမြင့်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးတို့အ တွက် သမ၀ါယမ ချေးငွေများကို မည်သည့်မူ၊ မည်သည့် စည်းကမ်းချက်များအပေါ် အခြေခံသည်ကို သိလို သည်ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

သမ၀ါယမ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းက ၀န်ကြီးဌာနက မူဝါဒများ နှင့် အညီချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း ဖြေကြားခဲ့သည်။

ဒု-၀န်ကြီး၏ ဖြေကြားမှုအပြီးတွင် ဦးဝင်းမြင့်က “အခုန ဒု-၀န်ကြီးရှင်းပြတဲ့မူတွေ စည်းကမ်းတွေနဲ့ ကိုက် ညီလို့ရှိရင် မည်သည့်ပါတီကိုမဆို ချေးနိုင်ပါသလားလို့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း အပ်ပါ သည်”ဟု ထပ်မံ မေးမြန်းခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း “တည့်တည့်ဖြေပါ။ မေးတာက ဘယ်ပါတီဝင်ကိုမဆို သမက ချေးငွေပေးသလားဆိုတာ ဖြစ်ပါတယ်” သမ၀ါယမ ဒု-၀န်ကြီးအား ပြောကြားခဲ့သည်။

သမ၀ါယမ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသန်းထွန်းက “ကျွန်တော်တို့သမ၀ါယမ ၀န်ကြီးဌာနအနေနဲ့ မည်သည့်ပါတီ၊ မည်သည့် ကိုးကွယ်သည့်ဘာသာဖြစ်စေအားလုံး ကျွန်တော်တို့သမ၀ါယမ အသင်းမှာ ပါဝင် လို့ရပါတယ်”ဟု ဖြေကြားခဲ့သည်။

Aye Chan Mon Credit To: Mizzima - News in Burmese - See more at: http://www.ayechanmon-news1.com/2014/06/blog-post_5054.html#sthash.sJuY2JNJ.dpuf

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား