Saturday, June 28, 2014
တစ်ပတ်အတွင်း အခေါက်ရွှေဈေး တစ်သောင်းကျော် ထိုးတက်
ရန်ကုန်၊ ဇွန် ၂၇
ယခုတစ်ပတ်အတွင်း ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းလေးထောင် မြင့်တက်လာပြီး ဈေးကွက်အတွင်း အဝယ်လိုက်နေကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
“ပြည်တွင်းရွှေဈေးက ကမ္ဘာ့ဈေးအောက် တစ်သောင်းလောက် ကျဆင်းနေလို့ ဝယ်မယ့်သူတွေက ဆက်တက်နိုင်တယ် ဆိုပြီး ဝယ်ကြလို့ အခုတလော ဈေးမြင့်လာပြီး ဈေးကွက်ထဲမှာလည်း ဝယ်လိုအား ကောင်းလာတယ်” ဟု ရွှေကုန်သည် ဦးစိုးမင်းက ဆိုသည်။
ကမ္ဘာ့ရွှေဈေး တက်သည်နှင့် အပြိုင် ပြည်တွင်းအခေါက်ရွှေ ဝယ်လိုအား လိုက်ပါ မြင့်တက်လာသောကြောင့် ရွှေဈေးမှာ ခြောက်သိန်းရှစ်သောင်း ဝန်းကျင်အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။
“ရွှေဈေးက အီရတ်မှာ ဖြစ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကမ္ဘာ့ဈေးက တစ်အောင်စ ၁၃၂၀ ဒေါ်လာလောက်အထိ မြင့်တက်လာတယ်။ ကမ္ဘာ့ဈေးတက်ရင် ပြည်တွင်းလည်း လိုက်တက်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ ပြည်တွင်းအခေါက် ရွှေအဖွင့်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၈,၀၀၀ ကျပ် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၆ ဒေါ်လာဖြစ်ပြီး ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ဈေးအောက် တစ်သောင်းနီးပါး ကျဆင်းနေသောကြောင့် ပြည်တွင်းမှတစ်ဆင့် နယ်စပ်သို့ ရွှေစီးဆင်းမှုလည်း ရှိကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား