img.emoticon { padding: 0; margin: 0; border: 0; }

Monday, June 23, 2014

ဦးဆန်းဆင့်ကို ဖမ်းဆီးထောင်ချခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့အတွက် ဆန္ဒပြဖို့ စီစဉ်နေကြောင်း

 http://burma.irrawaddy.org
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးထောင်ချခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့အတွက် ပုသိမ်မြို့မှာရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူများ ဦးဆောင်ပြီးတော့ နေပြည်တော်အစိုးရကို ဆန္ဒပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။
“ဦးဆန်းဆင့်ရဲ့သမိုင်းကြောင်းမှာ လာဘ်စားတယ်ဆိုတာ မကြားခဲ့ဖူးပါဘူး။ အဂတိလိုက်စားမှု ကင်းစင်ပါတယ်။ ဒါကို အဂတိလိုက်စားပါတယ်ဆိုပြီးတော့ ဖမ်းဆီးတရားစွဲဆိုတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး ပုသိမ်မှာ ဆန္ဒပြကြမှာပါ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေအတိုင်းပဲ သက်ဆိုင်ရာကို အကြောင်းကြားစာပို့ပြီး ပြမှာပါ။ ဒီတပတ်ကြာသပတေး၊ သောကြာလောက်ကို ပြဖို့မှန်းထားပါတယ်”ဟု ပုသိမ်မြို့မှ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောပါတယ်။

“ဆန္ဒပြရာမှာ တောင်းဆိုမယ့်အချက်တွေကတော့ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲနဲ့ တရားစွဲဆို ထောင်ချခံရတဲ့အမှုမျိုးတွေ မဖြစ်ဖို့၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးတော့ အာဏာရှင်စနစ်ကို ပြန်အသက်သွင်းတာမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကျနော်တို့တောင်းဆိုမှာပါ”လို့ ဦးထွန်းထွန်းဦးက ပြောပါတယ်။
ဆန္ဒပြပွဲကို ဦးဆန်းဆင့်ကို ချစ်ခင်လေးစားကြတဲ့ဧရာဝတီတိုင်း ရေကြည်၊ ကျုံပျော်၊ ငွေဆောင်၊ ချောင်းသာ၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ဒါးကစတဲ့ဒေသက ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်ဖို့ အခုကတည်းက စတင်ချိတ်ဆက်နေပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲဟာ ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းမှာ ဒုတိယအကြိမ်မြောက် ဆန္ဒပြပွဲ ဖြစ်ပါလိမ့်မယ်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းကလည်း ဦးဆန်းဆင့်ကို ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌနေရာကနေ သာသနာရေးဝန်ကြီး ရာထူးခန့်အပ်လို့ ဧရာဝတီတိုင်းက ပြည်သူတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဟာ ဌာနပိုင်ငွေကြေး သိန်း ၁၀၀ ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်အစိုးရက ဇွန်လ ၁၉ ရက်နေ့မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ ဦးဆန်းဆင့်ရဲ့ မိသားစုဝင်တွေကိုလည်း အစိုးရက အကျယ်ချုပ်ချထားကြောင်း သိရပါတယ်။
ဌာနပိုင်ငွေကြေး အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခံရခြင်းကိစ္စမှာ သာသနာရေးဌာနမှ ညွှန်ချုပ်တဦးကို ရာထူးလျှော့ကာ ချင်းပြည်နယ်သို့ပို့ခဲ့သည့်အတွက် ယင်းပုဂ္ဂိုလ်က အညှိုးအတေးထား တိုင်ကြားခြင်းဖြစ်ကြောင်း ဦးဆန်းဆင့်မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
“သာသနာရေးညွှန်ချုပ်ကို အပြောင်းအရွှေ့လုပ်ခဲ့တာရှိတယ်။ ချင်းပြည်နယ် သာသနာရေးမှူး အဖြစ်ပေါ့။ အဲဒီလူကမသွားဘဲ ရန်ကုန်က ကမ္ဘာအေးမှာပဲနေတယ်။ ပြီးမှ ညွှန်ချုပ်က မကျေနပ်တော့ကာ ဒါတွေကို သိန်း ၁၀၀ အလွဲသုံးစားလုပ်ပါတယ်ဆိုပြီးတော့ တိုင်တာ။ တိုင်တဲ့အခါ သမ္မတကြီးကို တင်ပြတယ်။ သူ့ (ဦးဆန်းဆင့်) ကိုအလွဲသုံးစားလုပ်တယ်။ လာဘ်စားပါတယ်ဆိုပြီး တိုင်တယ်။ သမ္မတကြီး သူ့ကိုစစ်ပါ။ တိုင်တဲ့လူကိုလည်း စစ်ပါ။ သူ့မှာ အပြစ်ရှိတယ်ဆိုရင် သူခံမယ်။ ငွေရေးကြေးရေးက သူ ကိုင်တာမဟုတ်ဘူး။ ဒုဝန်ကြီးပဲ ငွေကိုင်တာဆိုတာ သမ္မတကြီးကို ပြောပြီးပြီ။ ဒါတွေကို စစ်ဆေးလို့လည်းပြီးသွားပြီ။ အခုကျမှ အဲဒီပြဿနာက ပြန်ပေါ်လာပြီး အခုလိုဖြစ်ကုန်တာ။ ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး”ဟု သူက ပြောသည်။
သမ္မတဦးသိန်းစိန်ဟာ ဧရာဝတီတိုင်းကပြည်သူတွေ ကန့်ကွက်နေတဲ့ကြားကပဲ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာတော့ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ဦးဆန်းဆင့်ကို ၀န်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အကျင့်ပျက်ခြစားတဲ့ ၀န်ကြီးတွေ၊ ပြည်သူတွေအပေါ် စော်ကားပြောဆိုတဲ့ဝန်ကြီးတွေ ကျတော့ အရေးမယူဘဲ ဦးဆန်းဆင့်ကဲ့သို့ ဒေသခံများက ချစ်ခင်လေးစားပြီး အဂတိလိုက်စားမှု ကင်းရှင်းသူကို ငွေကြေးအလွဲသုံးစားတယ်လို့ အကြောင်းပြတာဟာ မဆီလျော်ကြောင်းလည်း ဝေဖန်ပြောကြားနေကြတယ်။
“သူ့ရဲ့ကက်ဘိနက် (အစိုးရအဖွဲ့) မှာ ရှိနေတဲ့လူတွေရဲ့မှားတာတွေကို စာနယ်ဇင်းတွေက ထောက်ပြပေမယ့် အဲဒီလူတွေကျ အရေးမယူဘဲနဲ့ အုပ်ချုပ်ရေးမှူး တယောက်လောက် ဖျောင်လို့ရတဲ့ ငွေသိန်း ၁၀၀ လောက်ကို အကြောင်းပြပြီးတော့ ဖန်တီးတာဟာ ငါနဲ့မတူ ငါ့ရန်သူလုပ်တယ်။ ပြုပြင်ပြောင်းလဲချင်စိတ်ရှိတဲ့လူကို သူတို့အုပ်စုထဲမှာ မရှိစေချင်ဘူးလို့ ကျနော်မြင်တယ်” လို့ ကျုံပျော်မြို့က နိုင်ငံရေးလေ့လာသူ ဦးသိန်းမြင့်ဆောင်းက ပြောပါတယ်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား