img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, November 19, 2013

အဆင့်မြင့် ပညာကဏ္ဍ၌ အခြားဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များအား အရည်အသွေး မြှင့်တင်မည်

အဆင့်မြင့် ပညာကဏ္ဍ၌ ပညာရေး ၀န်ကြီးဌာန လက်အောက်မဟုတ်ဘဲ အခြားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များအား အရည်အသွေးများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်၊ ကောလိပ်များ အရည်အသွေး တိုးမြင့်လာစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း အဆင့်မြင့်ပညာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ဆွေးနွေးလျက် ရှိနေကြောင်း သိရသည်။

''ဒီတက္ကသိုလ်၊ ကောလိပ်တွေရဲ့ အရည်အသွေး မြင့်မားလာအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ၊ ဘာတွေလုပ်ဆောင် ရမလဲစတဲ့ အချက်အလက်တွေကို ဆွေးနွေးနေကြပါတယ်။ ဒီအတိုင်းပဲ ဆက်သွားမလား၊ ဒါမှမဟုတ် တက္ကသိုလ် ဗဟိုကောင်စီနဲ့ သွားမလား ဆိုတာကိုလည်း ဆွေးနွေးနေကြပါတယ်'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး ကဏ္ဍတွင် ၀န်ကြီးဌာနအလိုက် အဆင့်မြင့် ပညာသင်ကြား ပေးနေသော တက္ကသိုလ် ကောလိပ် ၁၆၈ ခုရှိပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ သမ၀ါယမ ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန စသည့်ဝန်ကြီးဌာနများ လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များအား အရည်အသွေးမြင့် တက္ကသိုလ်များအဖြစ် အဆင့်မြှင့်တင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိတွင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ သမ၀ါယမ ၀န်ကြီးဌာန လက်အောက်ရှိ သမ၀ါယမ ဒီဂရီကောလိပ် (စစ်ကိုင်း)နှင့် သမ၀ါယမ ဒီဂရီကောလိပ် (သန်လျင်)တို့ကို တက္ကသိုလ် အဆင့်သို့ အဆင့်မြှင့်တင်ခဲ့ပြီး မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) တို့ကိုလည်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
https://www.facebook.com/ElevenMediaGroup
(အဆင့်မြှင့်တင်ထားသည့် သမ၀ါယမတက္ကသိုလ် (သန်လျင်) အား တွေ့ရစဉ်)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား