(နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)
မြန်မာနိုင်ငံသည် တံခါးပိတ် နေခဲ့သည့် အချိန်ကြာခဲ့သည့် အတွက် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော နည်းပညာ အပါအဝင် ဖွံ့ဖြိုးမှုများ၊ အပြောင်းအလဲများနှင့် များစွာ နောက်ကျပြီးမှ ရုတ်ခြည်း ဆိုသလို ထိတွေ့ခွင့် ရခဲ့သည့်အတွက် ရှော့ခ်ခေါ် ရုတ်တရက် ထိတ်လန့်မှုနှင့် အလိုအလျောက် တွန်းကန်မှု အချို့နှင့် ကြုံရသည်။
အထူးသဖြင့် နှစ်ပေါင်းများစွာ အမိန့်ပေး၊ အမိန့်ခံ စနစ်ဖြင့် အသားကျလာခဲ့သည့် ဗျူရိုကရေစီ ယန္တရားတွင် ထိုရှော့ခ် အများဆုံး တွေ့မြင်ရသည်။ ကုန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခု အတွင်းတွင် သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်အလိုက် ကျွမ်းကျင်သူ၊ ဆီလျော်သူ၊ တတ်ကျွမ်းသူများထက် အမိန့်နာခံမှုဖြင့်သာ စီမံခန့်ခွဲမှုအပေါ် နာယူသူများကိုသာ တိုက်ရိုက် ခန့်ထားခဲ့ခြင်းကြောင့် ဗျူရိုကရေစီ ယန္တရား၏ စွမ်းဆောင်ရည် များစွာ နိမ့်ကျခဲ့သည်။ ယနေ့ ခေတ်ပြောင်း၊ စနစ်ပြောင်းနှင့် နဖူးတွေ့ဒူး တွေ့ကြုံရသည့်အခါ ဗျူရိုကရေစီ ယန္တရား၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းမှာ များစွာသိသာ ထင်ရှားလာခဲ့သည်။
မျက်နှာ ပွင့်လာသော မြန်မာနိုင်ငံသည် မကြာခင် ဒေသလုံးဆိုင်ရာ အားကစား ပွဲတော်နှင့် ညီလာခံများကို ဦးဆောင်နိုင်ငံ အဖြစ်နှင့် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပပေးရတော့မည် ဖြစ်သည်။ ထိုအခါ ယခင်က မြန်မာနိုင်ငံကဲ့သို့ ဦးဆောင် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံ စီစဉ်နိုင်ခဲ့သည့် နိုင်ငံများကဲ့သို့ ချောမွေ့ အဆင်ပြေစွာ စီမံကွပ်ကဲ နိုင်မည်လော ဆိုသောမေးခွန်း မေးစရာ ရှိသည်။ လက်ရှိ အခြေအနေ အတိုင်းဆိုလျှင် ထိုအရည်အချင်း မပြည့်မီသေးဟု ဆိုရပေမည်။
အကြောင်းမှာ အတိတ်က ထိုအတွေ့အကြုံ မရှိခဲ့သည့်အပြင် အခြားနိုင်ငံများ၏ အတွေ့အကြုံ များကိုလည်း စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သွားရောက် လေ့လာခြင်း၊ ထိုလေ့လာမှုများကို ပြန်လည် မျှဝေဆင့်ပွားမှု၊ လက်တွေ့ လေ့ကျင့်မှုများလည်း များစွာ အားနည်းခဲ့ခြင်း တို့ကြောင့် ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများအကြား လူသိအများဆုံး၊ စိတ်ဝင်စားမှု အရှိဆုံး အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် ပတ်သက်သည့် လူထု အသိပညာပေးမှု၊ လှုံ့ဆော်မှုတို့ပင်လျှင် တောဘုရားပွဲသာသာ အဆင့်မျိုး ရှိနေသည်။ ယုတ်စွအဆုံး အားကစားပြိုင်ပွဲ လှုံ့ဆော် အသိပေး ဘေလ်ဘုတ်တစ်ခု၏ အရွယ်အစား၊ လက်ရာ၊ ပြောချင်သော သတင်းစကား၊ ဆွဲဆောင် ဖမ်းစားမှု၊ ခေတ်မီမှု၊ အဆင့်အတန်း မြင့်မားမှု စသည်တို့တွင် ၁၉၉၀ ပြည့်လွန်နှစ်များက ကျင်းပခဲ့သည့် အမျိုးသား အားကစားပွဲတော် အဆင့်အတန်းမျိုးပင် မရှိသည်ကို တွေ့ရသည်။
မီဒီယာမျိုးစုံမှ အသိပေး လှုံ့ဆော်မှုတို့မှာလည်း ပရော်ဖက်ရှင်နယ် ပညာရှင်များ၏ အနုပညာ ဖန်တီးမှု၊ တီထွင်ဆန်းသစ်မှု မရှိသလောက် ဖြစ်ပြီး လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲ အဆင့်မျိုးသာ ရှိနေသည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ မြန်မာနိုင်ငံ တွင် တန်းမီစံမီ စိတ်ကူးတီထွင် ဖန်တီးနိုင်သူများ မရှိ၍ပေလော စသည့် မေးခွန်းများ ပေါ်လာသည်။ အဓိက အကြောင်းအရင်းမှာ ဤပြိုင်ပွဲ လက်ခံကျင်းပရန် အဓိက တာဝန်ယူ စီစဉ်သူများ၏ လက်သင့်ရာ စားတော်ခေါ်သည့် ကန်ထရိုက်ပေး မူဝါဒ အားနည်းချက် ဖြစ်သည်။
နှစ်ပေါင်းများစွာ အကျင့်ပျက် ခြစားမှု ဝဲသြဃအတွင်း လည်ပတ် လာခဲ့သူများ ဖြစ်သည့်အတွက် ပေမီဒေါက်မီ စံမီ၊ နိုင်ငံတကာ အဆင့်မီ စဉ်းစားတွေးခေါ်မှု၊ ကြံစည် အားထုတ်မှု၊ လက်တွေ့အကောင်အထည် ဖော်မှုတို့ မရှိဘဲ ပြည်တွင်းတွင် လုပ်နေကျ ထုံးစံအတိုင်း သာမန်ကာသျှံကာ သဲဖြူး၊ ရေဖျန်း၊ ထုံးသုတ်ပုံစံမျိုးသာ ထွက်လာခဲ့သည်။ မကြာမီတွင် အရှေ့တောင်အာရှ ဒေသတွင်းရှိ ဆယ့်တစ်နိုင်ငံမှ အားကစားသမား ရာနှင့်ချီ လာရောက်မည့်အပြင် သက်ဆိုင်ရာ နိုင်ငံအလိုက် အားပေးကြမည့် ပရိသတ်များလည်း ထောင်နှင့်ချီ လာရောက်တော့မည် ဖြစ်သည်။ ထိုကစားသမားနှင့် ပရိသတ်များကို ယခင်နှစ်က အခြားအိမ်ရှင်နိုင်ငံများ နည်းတူ ဧည့်ဝတ်ပြုနိုင် ပါမည်လော။ ပွဲတော် ကာလအတွင်း သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အင်တာနက်မြန်နှုန်း၊ ၂၄ နာရီ လျှပ်စစ်မီး စသည့် အခြေခံ အဆောက်အဦများအပြင် လုံခြုံရေး၊ အားကစား တစ်ဖွဲ့ချင်းစီအလိုက် ပြန်ကြား ဆက်သွယ် ဝန်ဆောင် ပေးရမည့် အင်္ဂလိပ်စာ ကျွမ်းကျင်သော စေတနာ့ ဝန်ထမ်းများ၊ နေရာ ထိုင်ခင်းနှင့် အစားအသောက်၊ အားကစားသမားများနှင့် အတူပါလာမည့် သတင်းသမားများအတွက် မီဒီယာစင်တာ၊ အားကစားပြိုင်ပွဲများ လက်ခံကျင်းပမည့် မြို့ကြီးများ၏ အခြေခံ အဆောက်အဦနှင့် လူမှုဆက်ဆံရေး၊ ဝန်ဆောင်မှု၊ နိုင်ငံတကာသုံး ခရက်ဒစ်ကတ်များ လက်ခံ သုံးစွဲနိုင်မှု၊ ငွေလဲလှယ်ပေးသည့် စနစ်၊ နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်နိုင်မှုများ စနစ်တကျ အသင့်ပြင်ဆင်ထားပြီး ပြီလော စသည့် မေးခွန်းများ မေးကြည့် ဖြေကြည့်ထားရန် လိုသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင်လည်း အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ တာဝန်ဖြင့် အာဆီယံ အဖွဲ့၏ ထိပ်သီး ညီလာခံများ၊ အစည်းအဝေး များစွာကို လက်ခံကျင်းပ ရတော့မည် ဖြစ်သည်။ ပြောရမည် ဆိုလျှင် မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အာဆီယံ ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပမည့် အာဆီယံ ထိပ်သီး ညီလာခံများသည် မြန်မာနိုင်ငံ၏ လက်ရှိ ရောက်နေသော ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကိုယ်စားပြုမည့်အပြင် နောက်တစ်ဆင့်သို့ တင်ပေးမည့် အခွင့်အလမ်းများဟု ဆိုရမည် ဖြစ်သည်။ ယနေ့အချိန်အထိ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် အဓိက မြို့ကြီးများတွင်ပင် ၂၄ နာရီ လျှပ်စစ်မီး မှန်မှန်ရရှိရေး အပါအဝင် အခြေခံ အဆောက်အဦ များကိုပင်လျှင် အသည်းအသန် ကြိုးစားနေဆဲ ဖြစ်ရာ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အာဆီယံ ထိပ်သီး ညီလာခံများအတွက် အဆင်သင့်ဖြစ်ရေး အထူးတလည် စေတနာပါပါ၊ ရိုးဖြောင့်မှု ရှိရှိ၊ လာဘ်စားမှု ကင်းကင်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြပါမည့် အကြောင်း အထူးတိုက်တွန်း အပ်ပေသည်။
အယ်ဒီတာ (၁၈-၁၁-၂၀၁၃)

No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား