လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့်
ရရှိမည့် ကျပ်သိန်း ၁၀၀၀ အား ဒေသအတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ ရေ၊
မီးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များအတွက် အသုံးပြုခွင့် ရရှိမည်ဟု
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
လွှတ်တော်
ကိုယ်စားလှယ်များ အနေဖြင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် အတွက် လွှတ်တော်မှ ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀၀ ကို
ချထားပေးမည်ဖြစ်ရာ အဆိုပါ ကျပ်သိန်း ၁၀၀၀ အား ပညာရေး၊ ကျန်းမာရေး၊ ရေ၊
မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအပြင် မမျှော်မှန်းနိုင်သည့် သဘာဝ
ဘေးအန္တရာယ်များ အတွက်ပါ အသုံးပြုကြရန် ပြည်ထောင်စု လွှတ်တော်မှ
လမ်းညွှန်ချက်များ ပေးထားကြောင်း သိရသည်။
လွှတ်တော်က
ခွင့်ပြုပေးထားသည့် ကျပ်သိန်း ၁၀၀၀ အနက်မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခု
အတွက် ကျပ်သိန်း ၅၀ ကိုသာ အများဆုံး သုံးစွဲရန် သတ်မှတ်ပေးထားပြီး
ဆောင်ရွက်လိုသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပတ်သက်၍
ခွင့်ပြုချက်ရရှိရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဟု ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးအေးမောက်က ပြောကြားသည်။
''ကျွန်တော်တို့
ဆောင်ရွက်ခွင့်ရတဲ့ လုပ်ငန်းတွေကို စနစ်တကျ ဖြစ်အောင်၊ စာရင်းဇယား
တိကျမှုတွေရှိအောင် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး
အကောင်အထည် ဖော်ရေးအဖွဲ့တွေ ဖွဲ့မယ်။ အဲဒီအဖွဲ့မှာ လွှတ်တော်
ကိုယ်စားလှယ်တွေပါမယ်။ မြို့နယ်ပညာရေး တာဝန်ခံ ပါမယ်။ စည်ပင်အရာရှိ၊
မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေအပြင် နိုင်ငံတော် သမ္မတက
ဖွဲ့ပေးထားတဲ့ အထောက်အကူပြု အဖွဲ့တွေပါမယ်။ အဲဒီအဖွဲ့ ဦးဆောင်ပြီး
ပြည်သူတွေဆီက အကြံဉာဏ်တွေ ယူမယ်။ လုပ်သင့်တာတွေ လုပ်ပေးမယ်။ ဥပမာ မလှိုင်မှာ
လျှပ်စစ်ဓာတ်တိုင်တွေ လဲပေးဖို့ အစိုးရကို တင်ပြတယ်။ သူတို့ ဘတ်ဂျက်အရ
မလဲပေးနိုင်ဘူး။ အဲဒီအတွက် ကျွန်တော်တို့က လွှတ်တော်ဘတ်ဂျက်နဲ့
ဓာတ်မီးတိုင်တချို့ လဲပေးမယ်။ အဲဒီလိုမျိုး လိုအပ်ချက်လေးတွေ
လုပ်သွားမှာပါ။ ဒီလိုမျိုး ဆောင်ရွက်ချက်လေးတွေ လုပ်ပေးနိုင်ဖို့ အသေးစိတ်
အချက်အလက်တွေကို လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ခွင့်ပြုမှ ဆောင်ရွက်ရမှာ
ဖြစ်သလို ကျွန်တော်တို့ အနေနဲ့လည်း ပွင့်လင်းမြင်သာမှု ရှိအောင်
အဖွဲ့ဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ဦးအေးမောက်က
ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးမင်းသူက ''ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြည်သူ့ဆန္ဒအရ
စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေကို လွှတ်တော်ကို
ပြန်လည်တင်ပြပြီး ပွင့်လင်းမြင်သာမှု ရှိအောင် စနစ်တကျ
လုပ်ကိုင်ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ပြောကြားသည်။
အလုံမြို့နယ် ကမ်းနားလမ်းဘက်၌ အ၀ီစိရေ သုံးစွဲရာတွင် ရေငန်ထွက်ရှိနေမှု
များအတွက် ရေကောင်းရေသန့် ရရှိစေမည့် လုပ်ငန်းများ၊ ရန်ကုန်မြို့တော်
စည်ပင်မှ ဆောင်ရွက်ရန် လျာထားချက်တွင် မပါဝင်သည့် ပျက်စီးနေသော လမ်းများကို
ပြင်ဆင်နိုင်ရေး လုပ်ငန်းများ၊ စံပြအမှိုက်သိမ်းစနစ် ဆောင်ရွက်နိုင်ရေး
လုပ်ငန်းများ စသည်တို့ကို လွှတ်တော်ဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်နိုင်ရန်
စီစဉ်သွားရန်ရှိပြီး လုပ်ငန်းတိုင်း ပွင့်လင်းမြင်သာမှု ရှိစေရန်၊
စာရင်းဇယား တိကျမှန်ကန်မှု ရှိစေရန် လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့အား
တာဝန်ယူစေမည် ဖြစ်ကြောင်း၊ ကုန်ကျမှုစရိတ် အသေးစိတ်ကိုလည်း မြို့နယ်အတွင်း
ဗီနိုင်းများဖြင့် ထုတ်ပြန်ကာ မည်သူမဆို လေ့လာနိုင်ရန် ထုတ်ပြန်ထားမည်
ဖြစ်ကြောင်း အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က
ပြောကြားသည်။ElevenMediaGroup
Tuesday, November 26, 2013
လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိမည့် ကျပ်သိန်း ၁၀၀၀ အား ပညာရေး၊ ကျန်းမာရေး၊ ရေ၊ မီးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ အတွက် အသုံးပြုခွင့် ရရှိမည်
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား