img.emoticon { padding: 0; margin: 0; border: 0; }

Thursday, August 8, 2013

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်နှင့် ငွေရေးကြေးရေး ကုမ္ပဏီ စုစုပေါင်း ၃၄ ခု ရှိကြောင်း

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်နှင့် ငွေရေးကြေးရေး ကုမ္ပဏီ စုစုပေါင်း ၃၄ ခု ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဇူလိုင်လကုန်ထိ စာရင်းများအရ သိရသည်။ အဆိုပါ ကုမ္ပဏီအချို့မှာ လုပ်ငန်းများ စတင်လုပ်ကိုင်နေကြပြိး အချို့မှာ ဈေးကွက် အခြေအနေ စောင့်ကြည့် လေ့လာနေဆဲဖြစ်ကာ ပြည်တွင်း ကုမ္ပဏီများဖြင့် ပူးပေါင်း လုပ်ကိုင်နေကြခြင်းများလည်း ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ခွင့်ပြုစာရင်းတွင် Standard Chartered Bank၊ Sumitomo Mitsui Banking Corporation, The Bank of Tokyo- Mitsubishi UFJ,Ltd.,AEON Credit Service Company, Export-Import Bank of India, Siam Commercial Bank Public Company Ltd. စသော နိုင်ငံတကာ ငွေကြေး လုပ်ငန်းများ ပါဝင်သည်။ ဂျပန်ငွေကြေး လုပ်ငန်း AEON Credit Service Company က အိမ်သုံးပစ္စည်းများကို အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်စေရန် ငွေချေးပေးသော လုပ်ငန်းဆောင်ရွက်နေပြီး Sumitomo Mitsui Banking Corporation သည် KDDI နှင့် ပူးပေါင်း၍ ဆက်သွယ်ရေးတင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ “တိုင်းပြည် ပွင့်လင်းလာတာရယ်၊ ၂၀၁၅ မှာ စတော့အိတ်ချိန်းစဖို့ ပြင်လာတာရယ်ကြောင့် တောက်လျှောက် ဝင်လာတာပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။ ပြည်တွင်းတွင် ပုဂ္ဂလိက ဘဏ်လုပ်ငန်း ၂၂ ခုနှင့် ဘဏ်ခွဲ ၅၈၁ ခု၊ မြန်မာ့ စီးပွားရေးဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် စသော အစိုးရပိုင် ဘဏ်လုပ်ငန်း လေးခုမှ ဘဏ်ခွဲပေါင်း ၅၀၅ ခု ဖွင့်လှစ် ထားကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသော စာရင်းများအရ သိရကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား