img.emoticon { padding: 0; margin: 0; border: 0; }

Sunday, August 11, 2013

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့၏ သက်တမ်းသည် ပထမ လပေါင်း ၃၀ ပြီးဆုံးပြီး ဒုတိယ လပေါင်း ၃၀ စတင်ပြီ ဖြစ်သည့် အတွက် ဘောလုံးစကားဖြင့် ပြောလျှင် ဒုတိယပိုင်း ပြန်စပြီ။

ရာစုနှစ်ဝက်ကြာ အရိုးစွဲ နိုင်ငံရေး စနစ်ကြီး တစ်ခုမှသည် လုံးဝ ကွဲပြား ခြားနားသော နိုင်ငံရေး စနစ်ကြီး တစ်ခုဆီသို့ ပြောင်းလဲရသည့်၊ အရာရာတွင် ချွတ်ခြုံကျလု နီးနီး နိုင်ငံကို စီးပွားရေး၊ လူမှုရေး ပြန်လည် ဦးမော့အောင် ဆောင်ရွက်ရသည့်၊ ကိုလိုနီ အစိုးရ၏ သွေးခွဲ အုပ်ချုပ်မှုဒဏ် ပြည်တွင်းစစ် ဒဏ်၊ အာဏာပိုင် အုပ်ချုပ်ရေး ဒဏ်တို့မှ နာလန် မထူနိုင်သေးသော အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို ကြိုးစားရသည့် တာဝန်တို့မှာ ကြီးလေးလှကြောင်း အားလုံးက သိပြီး ဖြစ်သည်။
အထက်ပါ အခက်အခဲကြီးများကို ဖြေရှင်းချိန်တွင် ယခင် အနေအထားကို အကြောင်းကြောင်းကြောင့် မစွန့်လွှတ်လိုသည့် အနီးအဝေး ပြည်တွင်း ပြည်ပ ပုဂ္ဂိုလ်တို့၏ ဆန့်ကျင်ဘက် ပြုခြင်းကို ကျော်ဖြတ်ရ သည်မှာလည်း စပ်ကူးမပ်ကူး ကာလကို ခေါင်းဆောင်ရသူတို့၏ မလွှဲမရှောင်နိုင်သော ကံကြမ္မာပင် ဖြစ်သည်။

လွတ်လပ်ရေး ရပြီး ပါလီမန် ဒီမိုကရေစီခေတ်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ် ခေတ်အဆက်ဆက်တို့တွင် မဖြေရှင်းနိုင်ခဲ့သော အရာများကို ကိုင်တွယ်နေရသည့် တာဝန်မှာ စဉ်းစားရုံဖြင့်ပင် ကြီးလေးလှသော်လည်း ထိုသို့သော တာဝန်ကို ထမ်းဆောင်ခွင့် ရသည်မှာ ဂုဏ်ယူဖွယ် ကောင်းလှသည်။

စပ်ကူးမပ်ကူး ကာလ အလွဲလေး တစ်ခုကြောင့် လမ်းကြောင်း လွဲချော်သွားနိုင်သလို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ခဲ့လျှင် နောင် ဆယ်နှစ်၊ နှစ်နှစ်ဆယ် နိုင်ငံများစွာ ပြောင်းသွားမည် ဖြစ်သည့်အတွက် လုပ်လျှင် လုပ်နိုင်သလောက် နိုင်ငံ အကျိုးရှိမည့် ကာလ ဖြစ်သည်။

လတ်တလော လက်ခုပ်သံ ရ မရ မသေချာသော်လည်း တာဝန်ကို ပြောင်မြောက်အောင် ထမ်းဆောင် နိုင်လျှင် သန်း ခြောက်ဆယ်သော ပြည်သူ ပြည်သားများ၏ ဘဝကို အစ ကောင်းစေသည့် ကံ၊ ကံ၏ အကျိုးကို သေချာပေါက် ခံစားရပေမည်။

နည်းပြသည် ပထမပိုင်း အခြေအနေကို ကြည့်ပြီး အသင်း၏ ဗျူဟာကို လိုအပ်သလို ပြောင်းလဲ၊ အသင်းနှင့် အသင်းသားတို့၏ ဟာကွက် ပျော့ကွက်ကို ပြင်ဆင်ပြီး အနိုင် ဂိုးသွင်းရန် စီမံရသလို သမ္မတသည်လည်း ပထမ လပေါင်း ၃၀ အတွေ့အကြုံအရ လူမှန် နေရာမှန် လုပ်နိုင် ကိုင်နိုင်သူ၊ တိုင်းပြည်ကို စေတနာရှိသူများဖြင့် အစိုးရအဖွဲ့ကို ပြင်ဆင် ဖြည့်ဆည်းပြီး ဗျူဟာသစ်ဖြင့် ဒုတိယပိုင်း ကန်ရန် အသင့်ဟု ယူဆရသည်။

မြေစမ်း ခရမ်းပျိုးချိန်ဟု အများက သိထားကြသည့်အတွက် အစောပိုင်း ကာလများတွင် သက်သက် ညှာညှာ ထောက်ပြကြမည် ဖြစ်သော်လည်း အကြောက်တရား လွင့်ပျယ်သည်နှင့် အမျှ၊ မျှော်လင့်ချက် များ မြင့်မားလာသည်နှင့် အမျှ၊ သဘောထား ထုတ်ဖော် ပြောဆိုခွင့်များ ရလာသည်နှင့် အမျှ ဖြစ်စေချင်ဇောနှင့် ဝေဖန်မှုများ ဒုတိယပိုင်းတွင် ပိုမို ပြင်းထန်လာနိုင်သည်ကိုလည်း နားလည်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အနာဂတ်သည် ဦးသိန်းစိန် အစိုးရ တည်ဆောက်ပေးမည့် အခြေခံကောင်းများပေါ်တွင် မူတည်သည့်အတွက် ဒုတိယပိုင်း ခြေရည် ကောင်းမွန်ပြီး ကျန်လများတွင် ဂိုးများ တဒိုင်းဒိုင်း သွင်းနိုင်ပါစေကြောင်း The Voice က ဆုမွန်တောင်းလိုက်ရပေသည်။

အယ်ဒီတာ (၁၁-၈-၂၀၁၃)

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား