img.emoticon { padding: 0; margin: 0; border: 0; }

Monday, July 29, 2013

ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော်ဖြင့် လျှပ်စစ်၊ စက်မှု၊ အခြေခံ အဆောက်အအုံနှင့် သီလ၀ါ စီမံကိန်းများ ဆောင်ရွက်သွားမည်

ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော်ဖြင့် လျှပ်စစ်စွမ်းအား၊ စက်မှုလုပ်ငန်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းနှင့် သီလ၀ါ စီမံကိန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များအရ သိရသည်။
ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ ၉၈၃ ဒသမ ၉၉ သန်းဖြင့် လျှပ်စစ်စွမ်းအား စီမံကိန်းများ ဖြစ်သည့် သပြေ၀-တောင်ငူ၊ ကမာနတ် ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံသုံးရုံ၊ ကမာနတ်၊ မြောင်းတကာ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အား လိုင်းများပြုပြင်ခြင်း၊ ကြံခင်းဘိလပ်မြေစက်ရုံ ပြန်လည်ပြုပြင်ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လမ်း၊ တံတား၊ လျှပ်စစ်နှင့် ရေရရှိရေး စသည့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ၊ သီလ၀ါ စက်မှုဇုန်ရှိ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သီလ၀ါဆိပ်ကမ်း ဘက်စုံလုပ်ငန်းသစ် တည်ဆောက်ရေး လုပ်ငန်းများတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေများဖြင့် စီမံကိန်းများကို ဆောင်ရွက်ရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မှ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်း ယင်းချေးငွေ များထဲမှ အမေရိကန်ဒေါ် လာ ၄၄၆ ဒသမ ၈၆ သန်း သုံးစွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်းဘိလပ်မြေ စက်ရုံပြန်လည် ပြုပြင်ခြင်းကို ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ချေးငွေ ၁၄၁ ဒသမ ၀၃ သန်းရယူပြီး စက်မှုဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လမ်း၊ တံတား၊ လျှပ်စစ်နှင့် ရေရရှိရေး စသည့်အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ပြန်လည် ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၉၄၈ သန်း ရယူသုံးစွဲ သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ သီလ၀ါ စက်မှုဇုန် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီလ၀ါဆိပ်ကမ်း ဘက်စုံလုပ်ငန်းသစ် တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၈၁ ဒသမ ၄၂ သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်ပေါင်း ခုနစ်ခုရှိပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံအချင်းချင်းနှင့် အဖွဲ့အစည်းများမှ ချေးငွေဖြင့် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံအပြင် ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နိုင်ငံများမှလည်း ချေးငွေများ ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
>> Eleven Media Group<

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား