img.emoticon { padding: 0; margin: 0; border: 0; }

Monday, July 29, 2013

ဗဟိုဘဏ် အကြီးအကဲ တပ်မတော် အစိုးရလက်ထက် ဥက္ကဋ္ဌဟောင်းကို ပြန်ခန့်မည်

The Voice Weekly

နိုင်ငံ၏ ငွေကြေး မူဝါဒအတွက် အရေးအပါဆုံးဖြစ်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဥက္ကဋ္ဌအဖြစ် တပ်မတော် အစိုးရလက်ထက်က ဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဖူးသည့် ဦးကျော်ကျော်မောင်ကို ပြန်လည် ခန့်အပ်သွားရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။



ဗဟိုဘဏ် ဥပဒေသစ်အရ ပြန်လည် ရွေးချယ်မည့် ဥက္ကဋ္ဌ ရာထူးအတွက် ယခင် ဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန်ယူဖူးသူကို ဥက္ကဋ္ဌအဖြစ် ပြန်လည် ခန့်အပ်ရန်နှင့် ဒုတိယ ဥက္ကဋ္ဌ သုံးဦးကို ဗဟိုဘဏ် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ် အတည်ပြုရန် နိုင်ငံတော်သမ္မတက ယင်းသို့ သဝဏ်လွှာ ပေးပို့ ထားခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အသစ် ပြဋ္ဌာန်းထားသော ဥပဒေအရ ဗဟိုဘဏ်သည် သီးခြား လွတ်လပ်သော အဖွဲ့ ဖြစ်လာပြီး ဗဟိုဘဏ် အကြီးအကဲမှာ ပြည်ထောင်စု ဝန်ကြီးအဆင့်နှင့် တန်းတူသည်။

ဗဟိုဘဏ် ဥပဒေသစ်အရ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဥက္ကဋ္ဌ သုံးဦး အဖြစ် ဦးဆက်အောင်၊ ဦးသန်းညိန်း၊ ဒေါ်ခင်စောဦးတို့ကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူရန်နှင့် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ တွင် ပြင်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ငါးဦး၏ အမည်စာရင်းကို အတည်ပြုချက် ရယူရန် ထပ်မံ ပေးပို့မည်ဟု ယင်းသဝဏ်လွှာတွင် ဖော်ပြ ထားကြောင်း ဦးစိုင်းသီဟကျော်က ထပ်လောင်း ပြောကြားသည်။

ဦးကျော်ကျော်မောင်မှာ ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ယင်းအချိန်က ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး ဌာန လက်အောက်ခံ ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဦးကျော်ကျော်မောင်သည် ဗဟိုဘဏ်တွင် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ဖူးသဖြင့် အတွေ့အကြုံရှိပြီး အရပ်ဘက် ပညာရှင် အသိုင်းအဝိုင်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားသည်။

လက်ရှိ အနေအထားတွင် ဗဟိုဘဏ် အကြီးအကဲအဖြစ် ထမ်းဆောင်နိုင်သူ ရှားပါးနေပြီဖြစ်ပြီး အချို့ မှာ တိုင်းပြည်မှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးသူ ဦးသန်းလွင်က ဆိုသည်။

“အပြင်က သူစိမ်းခန့်တာထက်စာရင် ပိုကောင်းတာပေါ့” ဟု ၎င်းက ရှင်းပြသည်။

ဦးဆက်အောင်မှာ လက်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဒုတိယဝန်ကြီး ဖြစ်ပြီး တပ်မတော် အငြိမ်းစား အရာရှိဖြစ်သော ဦးသန်းညိန်းမှာ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်သည်။

နိုင်ငံတကာတွင် ဗဟိုဘဏ် ဥက္ကဌ ရာထူးသည် အလွန် သြဇာကြီး၍ အရေးပါကာ မည်သူမျှ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိကြောင်းလည်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက က ဆိုသည်။

“သူတို့အနေနဲ့ Independent Body (လွတ်လပ်တဲ့ အဖွဲ့) ဖြစ်ဖို့က အဓိကပဲ။ Board of Director တွေရဲ့ သီးခြား လွတ်လပ်တဲ့ Value Judgment ပေါ့နော်။ အဲဒါက အရေးကြီးတယ်။ အခြေခံ လူတန်းစား အများစုရှိတဲ့နိုင်ငံမှာ အခြေခံ လူတန်းစားတွေကို သက်ရောက်မှု ရှိရမယ်။ ဘေးထွက် ဆိုးကျိုး အနည်းဆုံး ဖြစ်ရမယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက မှတ်ချက် ပေးသည်။

ပြန်လည် ခန့်အပ်မည့် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများမှာ ငွေကြေး ကိုင်တွယ် ရာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ကာ ၎င်းတို့ကို ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌအဖြစ် လျာထားခြင်းကို ကန့်ကွက်မည့် ကိုယ်စားလှယ် မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အမည်စာရင်း တင်သွင်းသူများကို ပြည်ထောင်စု လွှတ်တော်တွင် ဇူလိုင်လ ၃၀ ရက်နေ့တွင် အတည်ပြု ခန့်အပ်သွားရန် အစီအစဉ် ရှိကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို လွတ်လပ်စွာ ရပ်တည်ရေး ဗဟိုဘဏ် ဥပဒေသစ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား