img.emoticon { padding: 0; margin: 0; border: 0; }

Thursday, November 22, 2012

 သဘောတူညီချက်ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အဆုံးသတ်

202
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲတွင် မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)
သဘောတူညီချက် ငါးရပ်ကို တရားဝင် လက်မှတ်ထိုးခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံတွင်  ပြုလုပ်ခဲ့သော (၂၁) ကြိမ် မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် အဆုံးသတ်ခဲ့ပါသည်။

“ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုရလဒ်တွေအရ တိုးတက်မှုတွေ ရှိခဲ့ပါတယ်”ဟု ၂၀၁၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအစီအစဉ်တွင် ပြောကြားခဲ့ပါသည်။

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ထင်သာ မြင်သာ ရှိစေသော အချက်များအနက် သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သဘောတူညီချက်နှ  ငါးရပ်မှာ  အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း အပေါ် ဖနွမ်းပင် ထုတ်ပြန်ချက်၊ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အာဆီယံ ဒေသတွင်း Mine Action Centre (ARMAC) စတင်ခြင်းကို အာဆီယံ ခေါင်းဆောင်များ၏ ထုတ်ပြန်ချက်၊ ARMAC စတင်ခြင်းနှင့် စပ်လျဉ်းသော စာရွက်စာတမ်းများနှင့် Bali Concord III တတိယဆင့် ဆောင်ရွက်မှု (၂၀၁၃-၂၀၁၇) ကို လက်မှတ်ရေးထိုးခြင်းတို့ ဖြစ်ကြပါသည်။

ထို့အပြင် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အကြား သဘောထား ကွဲလွဲခဲ့ပြီး ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်ခဲ့သော တောင်တရုတ်ပင်လယ် ကိစ္စရပ်နှင့် ပတ်သက်ပြီး (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးပွဲ အပြီးတွင် ငြိမ်းချမ်းစွာဖြင့် ရှေ့ဆက်ဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြနိုင်ခဲ့ပါသည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ကျေနပ်မှု ရှိသော အစီအစဉ်များ အကောင်အထည် ဖော်နိုင်ခြင်း၊ အာဆီယံ အသိုက်အမြုံကို ဆက်လက် ဆောင်ရွက်နိုင်ခြင်း အစရှိသည်တို့ကို သဘောတူညီနိုင်ခဲ့ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။  အာဆီယံ အသိုက်အမြုံကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် အပြီးသတ် ဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် တိုးမြှင့် ဆောင်ရွက်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများမှ မတူညီချက်များနှင့် အငြင်း ပွားဖွယ်ရာ များကို ကမ္ဘာ့ အသိအမှတ်ပြု ဥပဒေ များနှင့် စည်းမျဉ်း စည်းကမ်းများ အရ ငြိမ်းချမ်း၍ ကြံ့ခိုင်သော အဖြေတစ်ခု ရရန်အတွက် ဖော်ထုတ်သွားမည်ဟု အာဆီယံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

မြန်မာနိုင်ငံမှ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ကာလအတွင်း ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးခြင်း မပြုခဲ့သော်လည်း အာဆီယံ  အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက်တွင်မူ အချက်တစ်ချက် အနေဖြင့် ဖော်ပြခဲ့သည်။  သို့သော် အဆိုပါ ဖော်ပြချက်သည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ ထုတ်ပြန်ချက် အတိုင်းသာ ပြန်လည် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး မြန်မာအစိုးရ၏ ရခိုင်အရေး ကိုင်တွယ်မှု တိုးတက်မှုရှိကြောင်း လက်ခံကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်၌ ရခိုင်အရေးကို ဖော်ပြရာ၌ “ရိုဟင်ဂျာ” ဟူသော စကားလုံးကို လုံးဝ  သုံးစွဲခြင်း မပြုဘဲ ထုတ်ပြန်ခဲ့ပါသည်။

203
၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမည့် ဘရူနိုင်း နိုင်ငံ ၀န်ကြီးချုပ် Hassanal Bolkiah ထံသို့ တာဝန်လွှဲပြောင်းစဉ်။ (ဓာတ်ပုံ- နေထွန်းနိုင်)

အာဆီယံ-အမေရိကန် အစည်းအဝေးတွင် အာဆီယံနှင့် အမေရိကန်နိုင်ငံ အကြား လုပ်ငန်းစီမံချက် (၂၀၁၁-၂၀၁၅) လျာထားချက်ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး  ကုန်သွယ်ရေး ကိစ္စရပ်များအပြင် မဲခေါင်ဒေသ အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ဆွေးနွေးနိုင်ခဲ့ပါသည်။

(၁၅) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲတွင် ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဆွေးနွေးခဲ့ကြပါသည်။ လက်ရှိအချိန်တွင် အိန္ဒိယနှင့် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှု ပမာဏမှာ ၂၀၁၂ ခုနှစ် စာရင်းအရ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံအထိ ရှိခဲ့ပြီး ရည်မှန်းထားသော ကုန်သွယ်မှု ပမာဏထက် အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အာဆီယံ-အိန္ဒိယ ချိတ်ဆက်မှု သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးနှင့် အဝေးပြေး လမ်းမ သစ်များ တည်ဆောက်ရေးအတွက် လေ့လာမှုများ ပြီးစီးအောင် ဆက်လက် ဆောင်ရွက်ရန် အာဆီယံ- အိန္ဒိယနိုင်ငံများ  ခရီးသွားလုပ်ငန်း၊ ပြန်လည် ပြည်ဖြိုး မြဲစွမ်းအင်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ လယ်ယာနှင့် သစ်တော ကဏ္ဍများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အိန္ဒိယဘက်မှ ပြောဆိုခဲ့ပါသည်။

(၁၅) ကြိမ်မြောက် အာဆီယံ-တောင် ကိုရီးယား ဆွေးနွေးပွဲတွင် အာဆီယံနှင့်  စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်စဉ် လွန်ခဲ့သော (၅) နှစ်တာအတွင်း ကုန်သွယ်မှုသည် ၁၅၀ ဘီလီယံ အထိ တိုးတက်လာခဲ့ကြောင်း တောင်ကိုရီးယားဘက်မှ ပြောဆိုခဲ့သည်။ ထို့အပြင် တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မဲခေါင်ဒေသတွင်း စီမံချက်များတွင် ပါဝင်ဆောင်ရွက်ရန် ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် Green Growth ဖြစ်ပေါ်စေရေ်းကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ Global Green Growth Institute ကိုလည်း ထူထောင်ရန် ရှိကြောင်း၊ CLMV နိုင်ငံများ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်) တွင် Pilot Project များ ဆောင်ရွက်ရန် ရှိကြောင်း၊ ASEAN Cyber University များထူထောင် ဆောင်ရွက်နေကြောင်းနှင့်
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ တိုးတက်မှုအတွက် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း တောင်ကိုရီးယားနိုင်ငံဘက်မှ ပြောကြားခဲ့သည်။

၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများကို အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင် မြို့ရှိ Peace Palace တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပထမရက်များတွင် အဆင့်မြင့် အရာရှိများ၏ အကြိုအစည်းအဝေးများ ပြုလုပ်ခဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် (၁၅) ကြိမ်မြောက် အာဆီယံ-ဂျပန် အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယား အစည်းအဝေး၊ အာဆီယံ (+၃) အစည်းအဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ် အစည်းအဝေး ၊ (၄) ကြိမ်မြောက် အာဆီယံ-အမေရိကန် အစည်းအဝေး ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲတို့ကို ပြုလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌမှာ ဘရူနိုင်းနိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည် ဖြစ်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား