img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, August 14, 2012

အပြောင်းအလဲများ ဘယ်ခရီးရောက်ပြီလဲ


နိုင်ငံရေးတွင် ထင်သာမြင်သာမှုရှိသော အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသော်လည်း အောက်ခြေပြည်သူလူထုထံ အပြောင်းအလဲများ မရောက်ရှိသေးပါ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တာ၊ သမ္မတက ပြည်သူ့ဆန္ဒလိုက်လျော၍ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း
ရပ်ဆိုင်းခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး လွှတ်တော်အတွင်း ရောက်သွားတာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကိုယ်တိုင် မြန်မာနိုင်ငံရောက်လာတာ စတဲ့နိုင်ငံရေးနှင့် ပတ်သက်၍ ထူးခြားသော ပြောင်းလဲမှုများကို ရေဒီယို၊ တီဗီနှင့် ဂျာနယ်များမှတစ်ဆင့် သိခဲ့ကြောင်း အသက် ၆၇ နှစ်အရွယ် တောင်သူကြီးဦးကျော်လှိုင်က ပြောသည်။


“သမ္မတက မြစ်ဆုံစီမံကိန်းရပ်ဖို့ ဆုံးဖြတ်တာကိုပဲ အံ့သြဆုံးပဲ။ အရင်တုန်းကတော့ အောက်မှာဖြစ်ချင်သလိုဖြစ်၊ အပေါ်က ဂရုမစိုက်ဘူး”ဟု သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ တောင်သူဦးကျော်လှိုင်က သူ၏အမြင်ကို ဖွင့်ဟသည်။ အစိုးရသစ်တက်လာပြီး ၁၆ လကျော် (တစ်နှစ်နှင့် လေးလကျော်) လာသောအခါ ဖြစ်ပေါ်လာသော အပြောင်းအလဲထဲမှ အံ့သြစရာအကောင်းဆုံး ဖြစ်ရပ်ကို မေးစဉ်က သူ၏ထင်မြင်ချက်ကို ပြောခြင်းဖြစ်၏။

ဦးကျော်လှိုင်မှာ အသက် ၁၆ နှစ် အရွယ်ကတည်းက လယ်ယာအလုပ် စတင်လုပ်ကိုင်ခဲ့ပြီး လယ်ယာအလုပ်မှလွဲ၍ အခြားအလုပ် မလုပ်တတ်။ သို့သော် သူ၏မိဘများ လက်ထက်ကတည်းက နှစ်ရှည်လများ လုပ်ကိုင်ခဲ့သော လယ်ယာမြေများမှာ စီမံကိန်းများရှိသည်ဆို၍ သက်ဆိုင်ရာက လယ်လုပ်ခွင့် မပြုတော့သောကြောင့်
အရွယ်ကြီးခါမှ သူသောကပွားနေရပြီ။

ဦးကျော်လှိုင် အပါအ၀င် အလွမ်းဆွတ်ကျေးရွာမှ လယ်သမား ၂၀ ဦး နှစ်ရှည်လများ လုပ်ကိုင်ခဲ့သော လယ်ဧက ၃၀၀ မှာ လွန်ခဲ့သော ၁၅ နှစ်က တပ်မတော်ပိုင်အဖြစ် သတ်မှတ်အသိမ်းခံခဲ့ရသည်။ နစ်နာကြေးအဖြစ် လယ်သမားတစ်ဦး ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်စီနှင့် လယ်တစ်ဧက ရွှေ့ပြောင်းစရိတ် ၅,၀၀၀ ကျပ် ရခဲ့သည်။

ထို့နောက်ပိုင်းတွင်လည်း အဆိုပါ လယ်ယာများ မည်သည့်စီမံကိန်းမှ မဆောင်ရွက်၍ အသိမ်းခံရသော လယ်သမားများက သီးစားခပေး၍ လယ်ပြန်လုပ်ခဲ့ကြသည်။ သို့သော် ယခုမိုးစပါးမစိုက်မီ ဧပြီလက ထိုလယ်မြေများပေါ်တွင် စီမံကိန်းစတော့မည် ဆိုသည့်အတွက် အမှတ်(၁) စစ်ဗျူဟာရေယာဉ်က လယ်လုပ်ခွင့် မပေးတော့၍ ဦးကျော်လှိုင်နှင့် အလွမ်းဆွတ်ရွာမှ တောင်သူ ၂၀ ဦး စပါးစိုက်ရန် လယ်မြေလက်မဲ့ ဖြစ်သွား၏။

“အောက်ခြေမှာ ဘာမှမပြောင်းဘူး။ ကိုယ်နားလည်တာ ကိုယ့်ရဲ့လယ်၊ ယာတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောင်းဘူး”ဟု နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှု များစွာဖြစ်ပေါ်သော်လည်း သူကဲ့သို့ အောက်ခြေပြည်သူလူထုထံ မရောက်သေးကြောင်း ဦးကျော်လှိုင်ကပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ တက်လာပြီး သက်တမ်း တစ်နှစ်နှင့်လေးလကျော် ကာလအတွင်း မြန်မာနိုင်ငံတွင် အပြောင်းအလဲများစွာ ပေါ်ပေါက်ခဲ့သည်။   ထို့ကြောင့် အပြောင်းအလဲဆိုသော စကားရပ်မှာ ၁၆ လကျော် ကာလအတွင်း ပြည်တွင်းနှင့် ပြည်ပမှာပါ အများဆုံးကြားရသော စကားရပ်ဖြစ်သည်။ သို့သော် မပြောင်းလဲသော အရာအချို့လည်း ရှိပါသေးသည်။ ယခုဆောင်းပါးမှာ အစိုးရသစ် စတင်တာဝန်ယူသော ၂၀၁၁ မတ်လ ၃၁ ရက်မှ ၂၀၁၂ ဇူလိုင်လကုန်ထိ ၁၆လ ကာလအတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို လေ့လာဆန်းစစ်ချက် ဖြစ်ပါသည်။

နိုင်ငံရေး

နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ၊ နိုင်ငံရေးသမားများ၊ ပြည်သူအများစုက ၁၆ လတာ ကာလအတွင်း အများဆုံးပြောင်းလဲခဲ့သော ကဏ္ဍမှာ နိုင်ငံရေးပင်ဖြစ်ကြောင်း တညီတညွတ်တည်း သုံးသပ်ကြသည်။

“သမ္မတ မိန့်ခွန်းစပြောကတည်းက ထူးတယ်။ ပထမဦးဆုံး မိန့်ခွန်းကတည်းက ဒီအခြေခံဥပဒေကို လက်မခံဘူးဆိုရင် မပါဝင်နိုင်သေးတဲ့ လူတွေလည်း ပါဝင်နိုင်အောင် အားမွေးထားပါဦးလို့ ပြောတယ်။

တစ်ဆက်တည်းမှာပဲ သိပ်မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အင်န်အယ်လ်ဒီ လွှတ်တော်ဝင်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေဆိုင်ရာ ရွေးကောက်ပွဲဥပဒေကို ပြင်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ဖြစ်တယ်။ ထောင်ထဲရောက်နေတဲ့ အကျဉ်းသားတွေ လွှတ်ပေးတယ်။ နောက်မြင်သာတဲ့ တစ်ခုကတော့ နိုင်ငံခြားရောက်နေတဲ့ သူတွေကို ပြန်လာဖို့ဖိတ်ခေါ်တယ်။

နိုင်ငံရေးအဆင့်မှာ ပထမဆုံးအဆင့်ကတော့ အမျိုးသားရင်ကြားစေ့ရေးပါပဲ။ ကျွန်တော်တို့ မျှော်လင့်ထားတာထက် အများကြီးပိုလုပ်နိုင်တယ်။ ဒါကတော့ အသိအမှတ်ပြုရမယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဘောင်တွေထဲမှာပဲ ဥပဒေကြောင်းအရ လွှတ်တော်ကတစ်ဆင့် သွားတာရယ်၊ အဲဒါကတော့ အလုပ်သမားသမဂ္ဂပေါ့။ လွတ်လပ်တဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ထူထောင်ခွင့်ပေးလိုက်တာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်၊ စုရုံးခွင့်နဲ့ လမ်းပေါ်ထွက်ခွင့်ကို ဥပဒေအဖြစ် ထွက်လာတယ်။ ဥပဒေကြောင်းအရ ဒီဟာတွေ တော်တော်များများ လုပ်နိုင်လာတယ်။

နောက်တစ်ခုကတော့ လက်နက်ကိုင် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တယ်။ ကေအိုင်အေကလွဲလို့ ကျန်တဲ့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ရသွားပြီ။ ချုပ်လိုက်ရင်တော့ နိုင်ငံရေးက သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာပါပြီ။ ကျွန်တော်အပါအ၀င် ဘယ်သူမှလည်း ဒီလောက်မြန်လိမ့်မယ်လို့ မျှော်လင့်မထားဘူး”ဟု နိုင်ငံရေးဆောင်းပါးရှင် စာရေးဆရာကျော်ဝင်းက သုံးသပ်သည်။

အပြောင်းအလဲအများစုမှာ သမ္မတ၏ ရဲဝံ့သော ဆုံးဖြတ်ချက်များမှ စတင်ထွက်ပေါ်လာခြင်း ဖြစ်သည်။ နှစ် ၂၀ ကျော်ကြာ အစိုးရနှင့် အတိုက်အခံအဖြစ် ရှိခဲ့သော နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီတရားဝင် ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ပြိုင်၍ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခြင်းမှာလည်း တစ်နှစ်ကျော်ကာလအတွင်း ထူးခြားသော အပြောင်းအလဲတစ်ခုဖြစ်သည်။ ထို့အပြင် တစ်နှစ်ကျော်ကာလအတွင်း အလုပ်ဖြင့် သက်သေပြကာ ဥပဒေပြုရေးမဏ္ဍိုင်ကို အသက်ဝင်လာစေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီမိုကရေစီကျင့်သုံးစ နိုင်ငံတွင် ပြည်သူများအတွက် မျှော်လင့်စရာ၊ အားထားစရာ ဖြစ်လာခဲ့သည်။

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများကို နိုင်ငံတကာက ကြိုဆိုပြီး၊ နှစ်ပေါင်းများစွာအတွင်း အမေရိကန်အပါအ၀င်  နိုင်ငံတကာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်၊ ဥရောပနှင့် အင်အားကြီးနိုင်ငံတို့မှ ဖြေလျှော့ပေးမှုမှာလည်း မြန်မာ့အပြောင်းအလဲကို ပိုမိုအားကောင်းစေခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်က ၂၄ နှစ်လုံးလုံး အစိုးရနဲ့ အတိုက်အခံ လုပ်ခဲ့တယ်။ ဒီတော့ ပြည်သူတွေကို Hope (မျှော်လင့်ချက်)ပဲ ပေးနိုင်တယ်။ ကိုယ်တိုင် Contribute မလုပ်နိုင်ခဲ့ဘူး။ အခု New Institution မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က New Player အနေနဲ့ ပါလာတော့ အရင်လုပ်မပေးနိုင်ခဲ့တဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လောက် အကောင်အထည် ဖော်နိုင်မလဲဆိုတာ အင်မတန်အရေးကြီးတယ်။ စောင့်ကြည့်ရပါမယ်။ နိုင်ငံရေးမှာ ဘယ်လောက် ပြောင်းလဲတယ်ဆိုတော့ ဒါကိုသာကြည့်တော့”ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးကလည်း သူ၏အမြင်ကို ပြောသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ သက်ဆိုင်သူ (Stakeholder) အားလုံး မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာနိုင်ရန် အစိုးရက ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လွှတ်တော်နိုင်ငံရေး အသက်ဝင်လာခြင်းတို့မှာ ထူးခြားမှုများ ဖြစ်ကြောင်းလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာဟာ လုပ်ဆောင်ချက်အားလုံးရဲ့ သုံးပုံတစ်ပုံလောက် ခရီးရောက်နေပြီ။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ အတွက်ကတော့ ဥပဒေပြုရေးကို သေချာလုပ်ဖို့ လိုတယ်။ အကျိုးရှိမယ့် ဥပဒေတွေကို ချမှတ်ပြီး ဖြေလျှော့မှုတွေ ပိုလုပ်နိုင်ရင် စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။  နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့နိုင်ငံမှာ အရွေ့တစ်ခုဖြစ်သွားပြီ။ အရင်လို စစ်အုပ်ချုပ်ရေးစနစ် မဟုတ်တော့ဘူးဆိုတာ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပဲ။ လွှတ်တော်တွေဟာ ဒီမိုကရေစီအလေ့အထကျင့်သုံးမှု တဖြည်းဖြည်းနဲ့ ပုံပေါ်လာပြီ။ သမ္မတနဲ့ ပြည်သူတွေကြားမှာလဲ ဆက်ဆံရေးတွေ ယုံကြည်မှုတွေဟာ ပိုမိုအားကောင်းလာတယ်။ ဒါပေမဲ့ ကြိုးနီစနစ်ကတော့ ကျန်နေသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အောက်ခြေအထိ မရောက်သေးဘူး။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေမှာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲနေတယ်လို့ သုံးသပ်ပါတယ်။ နောက်အပြောင်းအလဲတစ်ခုက NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲ ရောက်လာတာဟာ ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုပါပဲ”ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

စီးပွားရေး

စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းချိန်တွင် အစိုးရက နိုင်ငံအတွက် အရေးကြီးဆုံးဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှစ်ခုစလုံးကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ သို့သော် စီးပွားရေးကဏ္ဍတွင် အထက်တွင် ဆိုခဲ့သည့်အတိုင်း အပြောင်းအလဲများမှာ အောက်ခြေလူထု မခံစားရသေးပေ။ “စီးပွားရေးက တန့်နေသလား၊ ကောင်းနေသလား၊ ကျသွားသလားမေးရင် သေချာတာကတော့ ပြည်တွင်းဝယ်လိုအား သိသိသာသာ ကျဆင်းသွားတယ်”ဟု ဧရာဟင်္သာကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရောင်းအ၀ယ်က မထူးခြားဘူး။ ပိုဆိုးသွားတယ်။ တက်မလာဘူး။ မြန်မာငွေ တန်ဖိုးမာပေမယ့် တက်မလာဘူး။ ၅၀ ရာခိုင်နှုန်းလောက် ကျသွားတယ်”ဟု ယုဇနပလာဇာတွင် လူသုံးကုန်ပစ္စည်းများ လက်လီလက်ကား ရောင်းချနေသော ကိုသီဟကပြောသည်။

နေထိုင်စားသောက်စရိတ်များ တက်လာသော်လည်း ၀င်ငွေတိုးမလာသဖြင့် ၀ယ်လိုအားနှင့် လူတစ်ဦးချင်းဝယ်နိုင်စွမ်း ကျဆင်းလာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြောင်းမြမြို့ရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သော မခိုင်ဇင်က “စပါးဈေးမကောင်းတော့ အရောင်းအ၀ယ်တွေ တန့်သွားတယ်။ အရင်တုန်းက မင်္ဂလာဆောင်တဲ့လူက
ဗီရိုတစ်လုံးဝယ်ရင် အခုသေတ္တာတစ်လုံးပဲ ၀ယ်တော့တယ်”ဟုဆိုသည်။

နိုင်ငံ၏ ကုန်သွယ်ရေးပမာဏနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိသော တောင်သူများမှာ ရာသီဥတုဖောက်ပြန်ခြင်း၊   သီးနှံဈေးနှုန်း ကျဆင်းခြင်းတို့ကြောင့် နှစ်ဆက်အရှုံးပေါ်နေသည်။ ထိုကြားထဲ လယ်သမားအချို့မှာ ဦးကျော်လှိုင်တို့ကဲ့သို့ လယ်ယာမြေအသိမ်းခံရ၍ မြွေပူရာကင်းမှောင့်ဆိုသလို ဖြစ်ကုန်သည်။

“နှစ်နှစ်၊ သုံးနှစ်ဆက်တိုက် ရှုံးလာတော့ အိမ်ကလည်း သိပ်မကြည်တော့ဘူး။ လယ်ယာမြေကို စွန့်ခွာရမလား။ အိမ်ကဆင်းရမလား အခြေအနေမျိုး ဖြစ်နေပြီ”ဟု ဧရာဝတီတိုင်းဒေသကြီး က၀မြို့မှ တောင်သူကိုအောင်သိုက်က ရင်ဖွင့်သည်။

ယခင် လူတစ်စုက လက်ဝါးကြီးအုပ်ထားသော စားအုံးဆီတင်သွင်းမှုကို လုပ်ကိုင်လိုသူအားလုံးအား စည်းကမ်းနှင့်အညီ လုပ်ကိုင်ခွင့်ပေးခြင်း၊ ကုမ္ပဏီနှင့် လုပ်ငန်းများ တည်ထောင်ရန် ပိုမိုလွယ်ကူစေရန် ပြုလုပ်ပေးခြင်း၊ တစ်ခုတည်းသော ငွေလဲနှုန်း သတ်မှတ်ပေးကာ ပုဂ္ဂလိကဘဏ်များကို လုပ်ပိုင်ခွင့် ပိုမိုပေးလာခြင်း၊ ကားတင်သွင်းမှုကို ယခင်လူနည်းစုကသာ အကန့်အသတ်ဖြင့် တင်သွင်းနိုင်ရာမှ ကားဟောင်းကားသစ် လဲလှယ်ပေးသော စီမံကိန်း၊ ကားဝယ်ရန် လုံလောက်သောငွေရှိသည့် နိုင်ငံသားတိုင်း ကားသွင်းခွင့်ပြုခြင်း စသော စီးပွားရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည့်ကြားမှ ပြည်သူအများစု ၀င်ငွေလျော့ကျကာ မြန်မာ့စီးပွားရေးမှာ ထင်သလို တက်မလာသေးခြင်းဖြစ်သည်။

တရားစီရင်ရေး

အထူးသဖြင့် တရားစီရင်ရေး လောကတွင် လူပြောအများဆုံး၊ ဝေဖန်မှုအများဆုံးဖြစ်သည့် အမှုများ ကြာမြင့်သည့် ဖြစ်ရပ်များမှာ ယခင်အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ကြန့်ကြာမှုများ တဖြည်းဖြည်းလျော့နည်းလာပြီး အကောင်းဘက်ကို ဦးတည်လာကြကြောင်း ရှေ့နေများက ပြောကြားသည်။

“အဓိကက တရားသူကြီးတွေက ပြောင်းရတာ။ သူတို့မပြောင်းလို့ ဘယ်ရမလဲ။ အခုဆို သိပ်ကြန့်ကြာလို့ မရတော့ဘူး။ တရားသူကြီးတွေ ကိုယ်တိုင်ကိုက ရုံးချိန်းအကြာကြီး ခြားချိန်းတာကို လက်မခံတော့ဘူး။ ရက်အရမ်းဝေးဝေးကြီး မပေးဘူး”ဟု ရှေ့နေဦးတင်ယု(ဆကာကြီး)က တရားခွင်အခြေအနေ ကြုံတွေ့ရမှုများကို ပြောပြသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်း၊ ခရိုင်မြို့နယ်အလိုက် တရားရုံးများကလည်း ခြောက်လနှင့် ခြောက်လအထက်ကြာသော အမှုများကို စာရင်းကောက်ခြင်းများ ပြုလုပ်လာရာ ယခင်ခေတ်ကာလကဲ့သို့ အမှုများ ကြာရှည်အချိန်ဆွဲ စစ်ဆေးခြင်း ပြုလုပ်၍ မရတော့ကြောင်း ၎င်းကဆိုသည်။

အစိုးရသစ်လက်ထက်တွင် ရာထူး၊ အာဏာ၊ သြဇာ၊ အရှိန်အ၀ါကိုသုံးကာ ငွေများတရားနိုင်မှုများ လျော့ပါးလာကြောင်း၊ သက်ဆိုင်ရာ တရားသူကြီးများအနေဖြင့် မိမိစစ်ဆေးရသော အမှုများပေါ် တရားဥပဒေအရ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရမှု အနည်းငယ်စီ ရလာကြကြောင်း ရှေ့နေဦးတင်ယု(ဆကာကြီး)က ပြောသည်။

“တရားရေးဝန်ထမ်းတွေ ဥပဒေအတိုင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်လေးတွေ နည်းနည်းပါးပါး ရလာတယ်။ တခြားဆိုင်ရာဆိုင်ရာ လာပြီးအမိန့်ပေး စေခိုင်းတာမျိုး၊ အထက်ကညွှန်ကြားချက် ဆိုတာမျိုးတွေ သိပ်မကြားရတော့ဘူး”ဟု ၎င်းကပြောသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍မူ တရားရေးဝန်ထမ်းများသာမက ပြည်သူများဘက်ကပါ ပါဝင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အမှုသည်များနှင့် ထိတွေ့ဆက်ဆံနေကြသည့် ပုဂ္ဂိုလ်တို့ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်တွင်းနှင့် နိုင်ငံတကာမှ ထောက်ပြနေသော အဓိကအကြောင်းရင်းမှာ တရားဥပဒေစိုးမိုးရေးပင် ဖြစ်သည်။ 7Day News ဂျာနယ်က အလွှာပေါင်းစုံမှ လူ ၅၀ ဦးကို တွေ့ဆုံမေးမြန်း သဘောထား တောင်းခံခဲ့ရာ ပြောင်းလဲမှုမရှိဘဲ တန့်နေသောကဏ္ဍမှာ တရားစီရင်ရေးဖြစ်ကြောင်းလည်း ဖြေဆိုသူအများစုက ဖြေကြသည်။

“တရားရေးကတော့ ဘာမှ ထူးမခြားနားဘူး။ တရားရေးနဲ့ အောက်ခြေဗျူရိုကရေစီ ယန္တရားပေါ့။ ဒါတွေကတော့ အရင်အတိုင်းပဲ။ အဓိပ္ပာယ်ကတော့ မပြောင်းလဲချင်လို့ပေါ့။ အဲဒါကြောင့် သူတို့ပြောင်းလဲနိုင်အောင် ကျွန်တော်တို့ လွှတ်တော်က ဥပဒေပြုခြင်းဖြင့် အပြန်အလှန် ထိန်းကျောင်းရမှာပေါ့”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း သုံးသပ်သည်။

မီဒီယာ

ပုံနှိပ်မီဒီယာနှင့် ပတ်သက်သည့် အထူးခြားဆုံး ပြောင်းလဲမှုမှာ ၂၀၁၁ ဇွန် ၁၀ ရက်မှ စတင်၍ ဂျာနယ်အမျိုးအစား ငါးမျိုးဖြစ်သည့် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာ၊ အားကစား အစရှိသည့် ဘာသာရပ်များမှ ဂျာနယ်မဂ္ဂဇင်းများအား စာပေစိစစ်ရေး တင်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။ ခြောက်လအကြာ နှစ်ကုန်ခါနီး ဒီဇင်ဘာ ၉
တွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ်မဂ္ဂဇင်းများအား စာပေစိစစ်ရေးတင်ပြခြင်းမှ ကင်းလတ်ခွင့် ထပ်မံရရှိခဲ့သည်။

ထို့အပြင် စီးပွားရေး၊ ပညာရေးနှင့် စာပေများတို့ကိုပါ ထုတ်ဝေပြီးမှ တင်ပြရသော ထုတ်တင်စနစ်သို့ ပြောင်းခဲ့သည့်အတွက် ယခုအခါ သတင်း နိုင်ငံရေးနှင့် ဘာသာရေးတို့သာ    ထုတ်တင်စနစ်သို့ ပြောင်းရန်ကျန်တော့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်သည့်သတင်းအား ဂျာနယ်များက အကျယ်တ၀င့် ဖော်ပြခဲ့ကြရာတွင် ဂျာနယ်ကိုးစောင်မှာ တစ်ပတ် (သို့မဟုတ်) နှစ်ပတ်အထိ ထုတ်ဝေခွင့်ပိတ်သည်အထိ အရေးယူခံခဲ့ရသည်။

သို့သော် ယခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးတွေ့ဆုံခဲ့သည့် သြဂုတ်လနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများအား လွတ်လပ်စွာ ဖော်ပြခွင့်ရလာသည်။

“နံပါတ်တစ်က စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီး ဖြေလျှော့မှုတွေ လုပ်နေတာက နောက်ကြောင်းပြန်လှည့်သွားဖို့ မရှိပါဘူး။ နံပါတ်နှစ်က အခု အရေးယူမှုတွေ ပြုလုပ်ရတယ်ဆိုတာကလည်း ခွင့်ပြုထားနိုင်တဲ့ အတိုင်းအတာထက်ကျော်တဲ့ ကိစ္စတွေကို လုပ်လာတဲ့အခါမှာ အရေးယူရတာပါ။ ကျွန်တော်တို့ မပေးနိုင်တဲ့ဟာတွေကို ပြောထားတယ်”ဟု ဂျာနယ်နှစ်စောင် ပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကဆိုသည်။

“ဒီလို အရေးယူလိုက်ရင် ၀န်ကြီးဌာနအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်တာကို ကျွန်တော်တို့သိပါတယ်။ ဥပဒေသစ်မပေါ်လာခင်မှာ ဥပဒေဟောင်း
ရှိနေသေးတယ်။ ကျွန်တော်တို့ ညင်သာသိမ်မွေ့တဲ့ အကူးအပြောင်းကာလကို လုပ်ကိုင်နေတဲ့အချိန်မှာ သိပ်ပြီးတော့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို နှစ်ဖက်ကိုင်တွယ်ပြီးတော့    ထိန်းထိန်းသိမ်းသိမ်း ရေးစေချင်တယ်”ဟု ဦးရဲထွဋ်က ပြောသည်။

ယခုနောက်ဆုံး စာနယ်ဇင်းအမြုတေကောင်စီကို အစိုးရက သတင်းထောက်များ၏ ဆန္ဒကို မေးမြန်းမှုမရှိဘဲ ဖွဲ့စည်းခဲ့ခြင်းနှင့် ထိုကောင်စီ ဆောင်ရွက်ရမည့် အချက်များမှာ သတင်းထောက်များကို ကာကွယ်ရန်ထက် သတင်းထောက်များကို ကန့်သတ်ရန်အချက်များက ပိုများနေ၍ မြန်မာ့မီဒီယာအရွေ့ ဘယ်ခရီးရောက်မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဥပဒေအား သတင်းထောက်များ၏ ဆန္ဒနှင့် သဘောထားတောင်းခံမှု မရှိသေးဘဲ ဌာနက ကိုယ်တိုင်ရေးဆွဲပြီး ပြဋ္ဌာန်းရန် စီစဉ်နေသည်။ ဥပဒေတွင် ပြဋ္ဌာန်းချက်များနှင့် ဥပဒေကြမ်း ထွက်လာပြီးနောက် လက်တွေ့လုပ်ကိုင်နေသော မီဒီယာလောကသားများ၏ ဆန္ဒနှင့် သဘောထားကို တောင်းခံခြင်း ရှိ၊ မရှိနှင့် မီဒီယာလောကသားများ၏ လိုလားချက်များကို ထည့်သွင်း ပြဋ္ဌာန်း၊ မပြဋ္ဌာန်းဆိုသည်ကို မြန်မာ့မီဒီယာလွတ်လပ်ခွင့် ဘယ်ခရီးရောက်ပြီလဲဆိုသော အမေး၏ အဖြေပင်ဖြစ်ပါလိမ့်မည်။

လူမူရေး

နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူက “သိသာတဲ့အပြောင်းအလဲကတော့ အသင်းအဖွဲ့တွေ မှတ်ပုံတင်ခွင့် ရလာတာပါ။ နောက်တစ်ခုက နာရေးလမ်းကြောင်းတွေသွားတာ။ အလှူအတန်းကိစ္စတွေ သွားတဲ့အခါမှာ အရင်လို ကန့်သတ်ချုပ်ချယ်တာမျိုး မရှိတော့ဘူး”ဟု ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွက် လှူဒါန်းမှုခရီးစဉ်များတွင် ကန့်သတ်ချက်များ ရှိခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ကူညီလှူဒါန်းမှု လုပ်ငန်းများ မကြာမီ သွားရောက်လုပ်ကိုင်ရာတွင် လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်မှုများကို နှိုင်းယှဉ်ပြောကြားသည်။

“ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ အရင်ကဆိုရင် အသင်းအဖွဲ့ မှတ်ပုံတင်ရှိမှ လုပ်ကိုင်ရတာ အဆင်ပြေတယ်။ အခုနောက်ပိုင်းတော့ လျှောက်ထားဆဲဆိုရင် မှတ်ပုံတင်မရသေးလည်း လုပ်လို့ရတယ်။ အရင်ကဆို လူ့အခွင့်အရေးဆိုတာမျိုး၊ အစိုးရကိုဝေဖန်တာမျိုး ပြောလို့မရခဲ့ဘူး။ အခုပြောလို့ရလာတယ်”ဟု လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့တစ်ခုမှ တာဝန်ရှိသူကပြောသည်။

ထို့ပြင် လူမှုရေးအဖွဲ့အစည်းများသည် ယခင်ကထက် ပွင့်လင်းသာစွာ လုပ်ကိုင်နိုင်လာပြီး အစိုးရဘက်ကလည်း ပိုမိုအသိအမှတ်ပြုလာကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာကြောင်း Soical Care Volunteer Group (NCVG)၏ ဥက္ကဋ္ဌ ဦးအောင်ထိုက်မင်းကပြောသည်။

သို့သော် ပြည်တွင်းအင်န်ဂျီအိုများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအချို့ကို အစိုးရက ပြန်လည်စဉ်းစားပေးရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

“အထူးသဖြင့် အဖွဲ့အစည်းငယ်လေးတွေအတွက် မှတ်ပုံတင်ကြေး ပေးသွင်းရတဲ့ ငွေကြေးပမာဏက များနေတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေဟာ အလှူရှင်တစ်ဦးချင်းစီ ကိုယ်တိုင်ထည့်ဝင်ကြတဲ့ ငွေအပေါ်မှာ ရပ်တည်နေရတာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ပြန်စဉ်းစားသင့်တယ်လို့ ယူဆပါတယ်”ဟု ဦးအောင်ထိုက်မင်းက ပြောသည်။

ပြည်ပအလှူရှင်များနှင့်အတူ ရပ်ကွက်များထဲသို့ ၀င်ထွက်မည်ဆိုပါက သက်ဆိုင်ရာကို ကြိုတင်၍ အကြောင်းကြားရသည့် အခက်အခဲများ ကြုံခဲ့ရသော်လည်း ယခုနောက်ပိုင်းတွင် ယင်းကန့်သတ်ချက်မျိုး မရှိတော့သဖြင့် အဆင်ပြေကြောင်း အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံထားရသူများအတွက် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ပညာရေး

ဘတ်ဂျက်ရေးဆွဲရာတွင် ပညာရေးအသုံးစရိတ် ပိုသုံးလာခြင်း၊ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်တွင် ကိုယ်ပိုင်ကျောင်းဥပဒေကို ပြဋ္ဌာန်းခြင်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ အခမဲ့နှင့် မသင်မနေရ မူလတန်းပညာရေးစနစ်ကို စတင်ဆောင်ရွက်ခြင်း၊ အဆင့်မြင့်ပညာရေးအတွက် နိုင်ငံခြားတက္ကသိုလ်များနှင့် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လာခြင်း၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့် အမှတ်သတ်မှတ်ချက်ကို တိုးမြှင့်လိုက်ပြီး ကျောင်းသားလက်ခံမှုများကို လျှော့ချခဲ့ခြင်းတို့မှာ ပညာရေးနှင့် ပတ်သက်၍ ထူးခြားမှုများဖြစ်သည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာနက မူလတန်းအောက်အဆင့်အတွက် တိုင်းရင်းဘာသာ သင်ခန်းစာများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားပေးရန် သင်ခန်းစာနှင့် ဆရာလက်စွဲများ ရေးဆွဲပြုစုရန် စီစဉ်နေသည်။

နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်များ ပြည်တွင်း၌ လာရောက်၍ ကျောင်းခွဲ တည်ထောင်ဖွင့်လှစ်ရန် စိတ်ဝင်စားလာမှုနှင့် မြန်မာကျောင်းသားများကို နိုင်ငံတကာမှ ပညာသင်ဆုများ တိုးမြှင့်ပေးအပ်ရန် စီစဉ်လာကြသည်ကိုလည်း တွေ့ရသည်။

သို့သော် စနစ်အမှားများကြောင့် နှစ်ပေါင်းများစွာ ယိုယွင်းနေသော ပညာရေးမှာ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် လုပ်ဆောင်ရန် များစွာလိုသေးသည်။ စနစ်တစ်ခုလုံး ပြုပြင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။

မြန်မာနိုင်ငံပညာရေးမှာ နိမ့်ကျလျက်ရှိပြီး၊ အခြားနိုင်ငံများ၌ မျိုးဆက်သစ်များမှာ ကောင်းမွန်သောပညာရေး သင်ကြားနေချိန်တွင် မြန်မာနိုင်ငံ၌ ဆန့်ကျင်စွာ
မျိုးဆက်သစ်များလက်ထက် ရောက်လာလေလေ ပညာရေးစနစ် ပိုဆိုးလာလေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အော်စလိုငြိမ်းချမ်းရေးဖိုရမ်အပြီး ရှင်းလင်းပွဲတွင် ပြောသည်။

ကျန်းမာရေး

ရာစုနှစ်နှစ်စုအတွင်း ကျန်းမာရေးအသုံးစရိတ်အား တရားဝင် ကြေညာခဲ့ပြီး ကျန်းမာရေး ဘတ်ဂျက်အား ယခင်ကျန်းမာရေး အသုံးစရိတ်ထက် လေးဆကျော် (၇ ဒသမ ၆ ထရီလီယံကျပ်)သုံးစွဲရန် သတ်မှတ်လိုက်သည်။

ထိုကဲ့သို့ ဘတ်ဂျက်တိုးမြှင့်လိုက်ခြင်းသည် ပြည်သူများ ကြုံတွေ့နေရသည့် စရိတ်မျှပေး ကျန်းမာရေးစနစ်၊ ဆေးရုံများတွင် လိုအပ်နေသည့် ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများ စသည့်လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ယခုချိန်ထိ ထိုလိုအပ်ချက်များ ပြောင်းလဲမှုများ မရှိသေးကြောင်း အဖွဲ့အစည်းများမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ လွှတ်တော်အမတ်များ၊ တာဝန်ထမ်းဆောင်နေဆဲ ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

“ဆေးရုံတွေမှာ နဂိုအတိုင်းပဲ။ ဂိတ်မှာပိုက်ဆံပေးနေရတုန်းပဲ။ လိုတဲ့ဆေးဝါးကနေ ပတ်တီး၊ လက်အိတ်အထိ ပြည်သူတွေ ၀ယ်နေရတုန်းပဲ။ ဘတ်ဂျက်တိုးလာတဲ့အခါ ဆေးရုံတွေရဲ့ ၀န်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ချီးကျူးမှုဆိုတာမျိုးတော့ ကြားတာမျိုး မရှိသေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်တွင် လှုပ်ရှားနေသူတစ်ဦးက မှတ်ချက်ပေး ပြောကြားသည်။

“ကျန်းမာရေးဘတ်ဂျက် တိုးလာပေမယ့် အဲဒီပိုက်ဆံတွေ ဘယ်ထဲကို ရောက်သွားလဲဆိုတာတော့ မသိဘူး။ ပြီးတော့ တိုးလာတယ်ဆိုပေမယ့် အများကြီးလိုအပ်ချက်တွေ ရှိနေသေးတယ်။ လိုအပ်ချက်နဲ့ယှဉ်ရင် ဆင်ပါးစပ်နှမ်းပက် ဆိုသလိုပဲ။ ကျန်းမာရေးဘတ်ဂျက်က ဒီလောက်နဲ့မရဘူး”ဟု ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကပြောသည်။

သူနာပြုဆရာမနှင့် ကျန်းမာရေးဝန်ထမ်းအချို့၏ လူနာအပေါ် ဆက်ဆံရေးပိုကောင်းလာရန်၊ စံချိန်မီဆေးဝါးများ ရရှိမှု၊ တရားမ၀င်ရောင်းချနေသည့် စပ်ဆေးများကြောင့် ဆေးယဉ်ပါးမှုနှင့် ဘေးထွက်ဆိုးကျိုးများအား ကာကွယ်ပေးနိုင်မှု စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဒေါက်တာသန်းဝင်းကပြောသည်။

ကျန်းမာရေးကဏ္ဍတွင် ဆရာဝန်နှင့် လူနာများအကြား ယုံကြည်မှုလျော့နည်းလာခြင်းများ၊ လူငယ်ဆရာဝန်များ၏ အရည်အသွေး မြင့်တင်ပေးမှု အားနည်းခြင်းများက ဆုတ်ယုတ်မှုများဖြစ်ကြောင်း ပညာရှင်များက သုံးသပ်သည်။

အခြေခံလူတန်းစားအား အခြေပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ပေးရန် ၀န်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာများ၊ စည်းကမ်းများနှင့် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးများမှာလည်း အရေးတကြီးပြုလုပ်ရမည့် အရာများဖြစ်ကြောင်း ပညာရှင်များမှ အကြံပြုပြောကြားသည်။

သဘာဝပတ်ဝန်းကျင်

သမ္မတက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်း၊ မပြည့်စုံသေးသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ထွက်ရှိလာခြင်း၊ မြေယာအသုံးချမှုပေါ်လစီ ချမှတ်ရန် ဆုံးဖြတ်ခြင်း စသည်တို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အားတက်စရာများဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နည်းဥပဒေရေးဆွဲရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖိတ်ခေါ်လာခြင်းသည်လည်း ကောင်းသောပြောင်းလဲခြင်းဖြစ်ကြောင်း ဂေဟဗေဒစနစ်ဖွံ့ဖြိုးရေးအဖွဲ့ (Ecodev) မှ ဥက္ကဋ္ဌဦးဝင်းမျိုးသူက ပြောသည်။

တိုင်းပြည်ဖွံ့ဖြိုးရေးကို ဦးစားပေးအဆင့်အနေဖြင့် စဉ်းစားလာခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမည့် ပြဿနာများ ကြုံလာကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုမှာ ကျေနပ်အားရစရာ မရှိကြောင်း၊ ထို့ပြင် တစ်ဖက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေများ ထွက်ရှိလာသလို တစ်ဖက်တွင်လည်း စက်မှုနိုင်ငံသို့ ဦးတည်သွားနေသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ၎င်းကပြောသည်။

နည်းပညာ

အိုင်စီတီကဏ္ဍတွင် တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းလာသော နည်းဥပဒေများ မရှိသေးခြင်း၊ အိုင်စီတီကဏ္ဍ၏ အရေးကြီးဆုံးသော လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ ပြည်တွင်း၌ ရှိမနေခြင်းများက နည်းပညာကဏ္ဍ၏ အဓိကပြဿနာများ ဖြစ်သည်ဟု ပြည်တွင်းကွန်ပျူတာပညာရှင်အချို့က ပြောသည်။

“တင်းကျပ်တဲ့ ထိန်းချုပ်မှုတစ်ခု လျော့လာတာပဲရှိတယ်။ Business Model တစ်ခုအနေနဲ့ ပြောင်းလဲလာတာမရှိဘူး။ ဥပမာ အရင်ကပိတ်ခဲ့တဲ့ ၀က်ဘ်ဆိုက်တွေ ပြန်ဖွင့်ပေးတာမျိုးလောက်ပေါ့။ လူ့စွမ်းအားအရင်းအမြစ်တွေ အပြင်ရောက်နေတာလည်းပါတယ်။ သူတို့က ပြန်လာချင်ရင်တောင် သူတို့အတွက် ဘာလုပ်ပေးမှာလဲဆိုတာ ရှိသေးတယ်။ လိုအပ်ချက် များနေသေးတယ်။ မဆိုသလောက်လေး ပြောင်းလဲလာတာပဲ ရှိပါသေးတယ်။ အိုင်စီတီကဏ္ဍအတွက် အစိုးရအများကြီးလုပ်ဖို့ လိုသေးတယ်”ဟု ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူကဆိုသည်။

မိုဘိုင်းဖုန်းများကို ကျပ်နှစ်သိန်းခွဲ၊ သုံးသိန်းဖြင့် အရေအတွက်များစွာ ချပေးခဲ့ခြင်းမှာ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍအတွက် ကောင်းမွန်သော်လည်း အင်တာနက်လိုင်းများ နှေးကွေးမှုမှာ သုံးစွဲသူများ စိတ်ပျက်စေသည်။

စိန်ခေါ်ချက်များ

7Day News ၏ စစ်တမ်းငယ်အရ လူပြောအများဆုံး မပြောင်းလဲသောအရာမှာ အောက်ပိုင်းအုပ်ချုပ်ရေး ယန္တရားများ ဖြစ်သည်ဟု ဖြေကြသည်။

“အောက်ခြေတွေ သိပ်မကောင်းသေးဘူး။ မြို့နယ်တွေ၊ တိုင်းတွေ၊ ကျေးရွာအဆင့်တွေမှာ သိပ်မကောင်းသေးဘူး။ လာဘ်စားမှုတွေ မကင်းသေးဘဲ ကျန်နေတုန်းပဲ”ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ပြောသည်။

“မပြောင်းလဲဘဲ တန့်နေတဲ့ကိစ္စတွေက ဥပမာ ရပ်ကွက်အုပ်ချုပ်ရေးကိစ္စတွေမှာ ဥပဒေပြဋ္ဌာန်းပေးပြီး ဒါပေမဲ့ လူဟောင်းတွေပဲ ဖြစ်နေတယ်။ ပြည်သူလူထုကတော့ ဒါကို မပြောင်းလဲဘူးလို့ပဲ မြင်တာပဲ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ကလည်းပြောသည်။

အုပ်ချုပ်ရေးပိုင်းနှင့် အစိုးရဌာနအချို့ မပြောင်းလဲသေးဘဲ ကြိုးနီစနစ် ကျန်နေရခြင်း၏ အကြောင်းရင်းကို ဆရာကျော်ဝင်းကလည်း အောက်ပါအတိုင်းသုံးသပ်သည်။ “မူဝါဒပြောင်းလဲမှုကတော့ သေချာပေါက်ဖြစ်သွားပြီ။ ဒါပေမဲ့ အဲဒီပေါ်လစီကို အကောင်အထည်ဖော်ရမယ့် လူပုဂ္ဂိုလ်တွေက မပြောင်းတာတော့ သေချာတယ်။ မပြောင်းသေးဘူး ဆိုတာလည်း အကြောင်းရှိပါတယ်။ သူတို့ကိုယ်တိုင်က မိုင်းဆက်တွေ မပြောင်းနိုင်တာပါတယ်။ ဒါကတော့ အချိန်ယူရမှာပဲ။ နောက်တစ်ခုက အင်စတီကျူရှင်းလို့ခေါ်တဲ့ ကျင့်ထုံးဆိုင်ရာမူဘောင်တွေ ချထားပြီး သိပ်မလုံလောက်သေးဘူး။ ဒီနှစ်ခုကြောင့် မပြောင်းသေးတာ။ ... ပိုဆိုးတာလူတွေရဲ့ မိုင်းဆက်။ နှစ်ပေါင်းငါးဆယ်လောက်က အမိန့်နာခံလုပ်နေတာ၊ အမိန့်မရှိရင် မလုပ်တတ်တော့ဘူး။ အမိန့်ပေးတာတောင်မှ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီးတော့ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ဟာတွေက ရှိသေးတယ်။ ထင်သာတဲ့ ဥပမာပြောရရင်တော့ ကေအိုင်အေနဲ့ ဖြစ်နေတဲ့ စစ်ပွဲမှာ သမ္မတက အပစ်အခတ်ရပ်ဖို့ ကိုယ့်ဘက်က တစ်ဖက်သတ် အပစ်အခတ်ရပ်ဖို့ အမိန့်ပေးတာ။ ဟိုမှာက သေနတ်သံ ကြားနေရသေးတယ်”

နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက နှစ်ပေါင်းငါးဆယ်အတွင်း မြန်မာနိုင်ငံအတွက် လက်ရှိကာလမှာ အလားအလာအကောင်းဆုံး ကာလဟု သတ်မှတ်ထားကြသည်။ ထို့အပြင် ပြည်သူများ၏ မျှော်လင့်ချက် ပိုမိုရှင်သန်လာစေခဲ့သော ဦးသိန်းစိန်၏ အစိုးရအတွက် လက်ကျန်သက်တမ်း သုံးနှစ်ကျော်အတွက် လုပ်ဆောင်ရန်နှင့်   စိန်ခေါ်ချက်များစွာ ရှိနေပါသေးသည်။ ကေအိုင်အေအပါအ၀င် လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး အမြန်တည်ဆောက်ပြီး အမျိုးသားရင်ကြားစေ့ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊  လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ရန်၊ မူဝါဒအပြောင်းအလဲတွင် နစ်နာသူများကို ကူညီရန်၊ အုပ်ချုပ်ရေးအောက်ခြေအဆင့်တွင် ကျန်ရှိနေသေးသော ကြိုးနီစနစ်ကို တိုက်ဖျက်ရန်၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသော အရေးကြီးသည့်ကဏ္ဍများ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်၊ အဖွဲ့အစည်းများ အားကောင်းလာအောင် ဆောင်ရွက်ရန်၊ ပလေယာများ၏ စွမ်းဆောင်ရည် မြင့်မားလာအောင် ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် ဦးကျော်လှိုင်ကဲ့သို့ လယ်မြေအသိမ်းခံရသော တောင်သူများအရေး ဆောင်ရွက်ပေးရန် စသည်တို့ဖြစ်သည်။

နိုဗယ်ဆုရ စီးပွားရေးပညာရှင် စတစ်ဂလစ်က ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရန်နှင့် လယ်ယာမြေပိုင်ဆိုင်မှုဥပဒေ ပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ့စီးပွားရေးအတွက် အကြံပြုခဲ့သည်။

အကြံပြုချက် နှစ်ချက်ထဲမှ ငွေလဲနှုန်းပြုပြင်ရန်အချက်ကို ဆောင်ရွက်ပြီးဖြစ်သော်လည်း၊ လယ်ယာမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်။ ကမ္ဘာသိ မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာလှမြင့်ကလည်း လူမှန်၊ နေရာမှန်ဖြစ်ရန် အကြံပြုချက်မှာလည်း အထူးသတိပြုစရာဖြစ်သည်။

“နံပါတ်တစ် စိန်ခေါ်ချက်ကတော့ စီးပွားရေးပဲ။ စီးပွားရေးမှာ စောစောက ပြောသလို သာမန်လူထုအတွက် ထင်သာမြင်သာ အကျိုးအမြတ်တွေ သိပ်မဖန်တီးပေးနိုင်တာ ကြာရင် လူထုထောက်ခံမှု ကျဆုံးသွားလိမ့်မယ်။ ဒါမကောင်းဘူး။ အဲဒီကနေ သိပ်ပြီးတော့ အကျပ်အတည်းတွေများလာရင် မတည်မငြိမ်မှုတွေပါ ကူးစက်လာမယ်။ အဲဒီတော့ စီးပွားရေးအရ မြင်သာထင်သာရှိတဲ့ အပြောင်းအလဲတွေ ရှိရမယ်။ အခက်အခဲတွေတော့ အများကြီးရှိတယ်လေ”ဟု ဆရာကျော်ဝင်းက ပြောသည်။

ယခုနှစ် စပါးမစိုက်ရ၍ အလွမ်းဆွတ်ကျေးရွာမှ တောင်သူဦးကျော်လှိုင်တို့ ၀င်ငွေမရှိသောကြောင့် အသုံးစရိတ် ပိုမိုချွေတာနေရသည်။ သံယောဇဉ်မပြတ်သော်လည်း အသုံးစရိတ်အတွက် အိမ်ရှိ ကျွဲလေးကောင်ကို ရောင်းလိုက်ရပြီဖြစ်သည်။           ။
https://www.facebook.com/7daynews

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား