img.emoticon { padding: 0; margin: 0; border: 0; }

Friday, August 31, 2012

တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် င့် ပြည်ထောင်စုရှေ့ နေချုပ်

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists-ICJ)နှင့် ပြည်ထောင်စုရှေ့ နေချုပ်တို့ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်(International Commission of Jurists-ICJ)အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ရေးအတွက် အကူအညီများပေးနိုင်ရေးကို ပြည်ထောင်စုရှေ့နေချုပ်နှင့် သြဂုတ်လ ၂၈ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ICJ ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အာရှ-ပစိဖိတ်ရုံးမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Saman Zia Zarifi နှင့် အရှေ့တောင်အာရှဆိုင်ရာ ဥပဒေအကြံပေး Mr.Emerlynne Gil တို့ တက်ရောက်ခဲ့ကြောင်းလည်း သိရှိရသည်။

ICJ ၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Saman Zia Zarifi က ၎င်းတို့ အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ပြီး ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြဌာန်းဆောင်ရွက်မှုအတွက် လိုအပ်သော ကဏ္ဍများတွင် အကူအညီများ ပေးလိုကြောင်း၊ ဥပဒေအရာရှိများ၏ အရည်အသွေး မြှင့်တင်ရေးအတွက် လိုအပ်သော သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့်အညီ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
လက်ရှိတည်ဆဲဥပဒေများ ပြန်လည်သုံးသပ်ရေးနှင့်ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေဦးကိုနီက ''ကျွန်တော်တို့နိုင်ငံမှာ ၁၉၇၄ခုနှစ် ကနေ ၁၉၈၈ခုနှစ်အထိ တစ်ပါတီစနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ နေခဲ့ရတယ်။ အဲဒီခေတ်မှာ ဥပဒေတွေ ပြဌာန်းခဲ့ တာတွေ ရှိတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်းကာလတွေမှာလည်း စစ်အစိုးရလက်ထက်မှာလည်း ဥပဒေတွေ အများကြီး ပြဌာန်းခဲ့တယ်။ ဒီမိုကရေစီ နိုင်ငံတော်ထူထောင်မယ့် ဒီဘက်ခေတ်ကို ရောက်လာတော့ အရင်ခေတ်က ပြဌာန်းခဲ့တဲ့ဥပဒေတွေက မကိုက်ညီတာတွေ အများကြီးပဲ။ အဲဒီတော့ ဖျက်သင့်တဲ့ဥပဒေရှိသလို ပြင်သင့်တဲ့ဥပဒေတွေလည်း ရှိတယ်။ ဒီနေရာမှာ ဖျက်သင့်တာကို ချက်ချင်းဖျက်ဖို့ လိုသလို အချိန်ယူစဉ်း စားပြီးမှဖျက်ရမယ့်ဥပဒေတွေလည်း ရှိပါတယ်။ လွှတ်တော်မှာလည်း ဒီကိစ္စကို ဆွေးနွေးနေကြပါပြီလို့ သိရပါတယ်''ဟုလည်း ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို သြဂုတ်လ ၇ရက်နေ့က ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်လျက်ရှိပြီး အဆိုပါကော်မတီသို့ တရားစီရင်ရေးဆိုင်ရာ တိုင်စာများ၊ လယ်ယာမြေသိမ်းဆည်းခံရမှု တိုင်စာများ ရောက်ရှိနေကြောင်းလည်း သိရှိရသည်။
ဆက်လက်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီးလည်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ''ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက မရှိဘူး၊ တရားဥပဒေစိုးမိုးမှုထက် ဥပဒေကို လေးစားလိုက်နာမှုရှိဖို့ လိုပါတယ်။ ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းက တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ အုပ်ချုပ်တယ်။ ငြိမ်ဝပ်ပိပြားတာနဲ့ တရားဥပဒေစိုးမိုးတာက လုံးဝကွဲပြားခြားနားပါတယ်။ ဥပဒေကို ပြည်သူတွေ လေးစားလိုက်နာဖို့အတွက် ခေတ်စနစ်နဲ့ကိုက်ညီတဲ့ ဥပဒေတွေ ဖြစ်ရပါမယ်''ဟုလည်း  ပြောကြားခဲ့သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား