img.emoticon { padding: 0; margin: 0; border: 0; }

Friday, June 29, 2012

အန့်ဒရွိုက်ကမ္ဘာကို လက်ဝါးကြီးအုပ်မယ့် ဆမ်ဆောင်း


Photo

ဒီနေ့ခေတ် ဖုန်းသုံးသူတွေက Samsung လို့ဆိုရင် အလန်းစား ဖုန်းတွေကိုပဲ ပြေးမြင်ကြမှာပါ။  လူကြိုက်အများဆုံး  Android OS အခြေပြု ဖုန်းတွေကို ဟောတစ်လုံး ဟောတစ်လုံး  ထုတ်နေတဲ့  Samsung ကိုမှ မသိရင် နည်းပညာ မြင့်မားလာတဲ့ ဖုန်းတွေနဲ့ မယဉ်ပါးသူတွေပဲ ဖြစ်မှာပါ။ ကိုယ်ပိုင် Operating System Bada သုံး ဖုန်းတွေ ထုတ်လုပ်ပေမယ့် Andorid ဖုန်းတွေကို အဓိက အားထားကာ ဈေးကွက် ထိုးဖောက်လာတဲ့ Samsung ရဲ့ ခြေလှမ်းတွေ စိတ်လာတာနဲ့အမျှ ဈေးကွက် ဝေစုရရှိမှုလည်း  ပိုမိုကျယ်ပြန့် လာခဲ့ပါတယ်။ HTC, Motorola, BlackBerry စတဲ့ Android  ဖုန်းထုတ်လုပ်သူတွေဟာ သူတင် ကိုယ်တင် ယှဉ်ကြတဲ့အခါ Samsung နောက်မှာ ကျန်ခဲ့တာ တွေ့ရပါတယ်။ ယခင်က ကမ္ဘာ့ အကြီးမားဆုံး ဖုန်းထုတ်လုပ်သူ Nokia ကလည်း မိုက်ခရိုဆော့ဖ်ရဲ့  Windows OS ကိုသာ အနာဂတ် လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တာကြောင့် Android ဖုန်းဈေးကွက်ကို တောင်ကိုရီးယား ထိပ်တန်း ဖုန်းထုတ်လုပ်သူ Samsung က လက်ဝါးကြီး အုပ်တော့မှာလားလို့ သံသယ ဝင်လာခဲ့ရပါတယ်။

အနီးကပ်ဆုံး အာရှအတွင်း ပြိုင်ဘက် တရုတ် (တိုင်ပေ) အခြေစိုက် HTC ကလည်း Windows နဲ့ Android ဖုန်းတွေကို မျှထုတ်လုပ်တာကြောင့် Android ဈေးကွက်မှာ ရှေ့မတိုးသာ ရှိနေခဲ့ပါတယ်။ Samsung အတွက် စိုးရိမ်စရာ တစ်ခုကတော့ Android OS ပိုင်ရှင် Google က အမေရိကရဲ့ နာမည်ကျော် ဖုန်းထုတ်လုပ်သူ Motorola ကို ဝယ်ယူလိုက်တာကြောင့် အနာဂတ်မှာ Motorola Android ဖုန်းတွေ အမြောက်အမြား ထွက်ရှိလာလိမ့်မယ်လို့ အကဲခတ်တွေက သုံးသတ်ကြပါတယ်။ ဒါပေမဲ့ Android လမ်းကြောင်းပေါ် အရှိန်ရနေတဲ့ Samsung ကလည်း ထိပ်ဆုံးနေရာကို ဖယ်ပေးမယ့် သဘောမရှိဘူး ဆိုတာကို အခု နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ Galaxy Note နဲ့ သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။ ငါးလက်မ အရွယ် Super AMOLED Touch Display ကို တပ်ဆင်ကာ ဖုန်းမကျ Tablet  မကျ ထုတ်လုပ်ထားတဲ့ Galaxy Note ကို IFA 2011 ပြပွဲမှာ ထိတွေ့ခွင့် ရခဲ့တဲ့ ပရိတ်သတ်တွေ အထူး ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 1.4 GHz မြန်နှုန်းမြင့် Dual-Core Processor ကလည်း  Apple ရဲ့ ကမ္ဘာကျော် iPhone နဲ့ သိပ်မကွာလှတာကြောင့် ကန့်သတ်ချက် များလွန်းတဲ့ iOS ထက် Android ဘက်ယိမ်း ပရိသတ်တွေ အထူး ပွဲကျခဲ့ကြတာ ဖြစ်ပါတယ်။
Tablet ဈေးကွက် ခိုင်မာလာစဉ်တုန်းက Netbook တွေ ဘုံပျောက် သွားနိုင်တယ်လို့ ဝေဖန်ခဲ့ကြသူတွေက Galaxy Note လို Screen ကြီးကြီး ဖုန်းတွေ ထွက်ပေါ်လာတဲ့ အခါမှာ Tablet Killer တွေအဖြစ် သတ်မှတ်ခဲ့ကြ ပြန်ပါတယ်။ ဖုန်းတစ်လုံးအဖြစ် အသုံးပြုဖို့ အရွယ်ကြီးလွန်းတဲ့ Tablet တွေနေရာမှာ အဆင်ပြေပြေ ပေါပေါ့ပါးပါး သုံးနိုင်မယ့် ဒီလို ဖုန်းမျိုးကို စွယ်စုံသုံး မိုဘိုင်းဖုန်းအဖြစ် တင်စား ခေါ်ဝေါ်လာကြတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ပြဿနာ တစ်ခုကတော့ သာမန် Keyboard တွေနဲ့ ယှဉ်ရာမှာ Touch Screen ဖုန်းတွေက စာစီစာရိုက် ခက်ခဲတတ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ စာလုံးခလုတ် အရွယ်အစား သေးငယ်လို့ မှားရိုက်ရင်း အချိန်ကုန်ရတာကြောင့်ပါ။ ဒါကို Screen ကြီးဖုန်းတွေက အကောင်းဆုံး ဖြေရှင်းပေးနိုင်တာ တွေ့ရပါတယ်။ 4.5 လက်မ အရွယ် Screen ပါဝင်တဲ့ Galaxy SII ရဲ့ ဈေးကွက် ဝေစုကလည်း 14 ရာခိုင်နှုန်းအထိ တိုးတက်လာတာကြောင့် Galaxy S ရောင်းကောင်း နေစဉ်မှာပဲ နောက်ထပ် ဈေးကွက်ချဲ့မယ့် Note ကိုပါ ထပ်ထုတ်လိုက်တဲ့ Samsung ရဲ့ ခြေလှမ်းတွေက ရပ်တန့်ရ ခက်ခဲမှာ အမှန်ပါပဲ။ အရွယ်အစား အစုံအလင် Feature မျိုးစုံ Specification ကွဲပြားစွာ ထုတ်လုပ်တဲ့ Samsung ရဲ့ Android ဟန်းဆက်တွေက ဖုန်းသုံးသူတွေကြားမှာ စိတ်ကြိုက် ရွေးချယ်စရာ ဖြစ်စေပါတယ်။
Samsung  နောက်ထပ် အားယူနေတဲ့ ဈေးကွက်ကတော့ iPad2 နဲ့ အဓိက ယှဉ်ပြိုင်နေတဲ့  Galaxy nTabs တွေပဲ ဖြစ်ပါတယ်။ 10.1 လက်မ၊ 8.9 လက်မနဲ့ 7.7 လက်မ အရွယ်စုံ ထုတ်လုပ်တဲ့ Galaxy Tab တွေက Android Tablet တွေကြားမှာ ပြိုင်ဘက်ကင်းပါတယ်။ Hardware ပိုင်းကို အကောင်းဆုံး ပြင်ဆင်ပေးထားပြီး မြန်နှုန်းတူ CPU တွေ တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ မကွာလှပေမယ့် အရွယ်စုံ ရွေးချယ်နိုင်တာကြောင့် သုံးစွဲသူတွေ နှစ်သက်ကြတာပါ။ ဒါ့အပြင် အရွယ်ငယ်လေ ပိုပေါ့ပါးအောင် ဖန်တီး ပေးထားတာကလည်း အားသာချက် ဖြစ်စေပါတယ်။ Application နဲ့ ဂိမ်းတွေ စိတ်ကြိုက် တင်သုံးနိုင်တဲ့ Galaxy Tab တွေကို Laptops နဲ့ Netbook တွေ နေရာမှာ အစားထိုး သုံးစွဲလာကြတာ တွေ့ရပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ၊ စာရိုက်ရာနဲ့ Webpage တွေ ကြည့်တဲ့အခါတို့မှာ အရွယ်ကြီး Galaxy Tab10.1 က ပိုသင့်လျော်ပါတယ်။ ပြိုင်ဘက် Tablet တွေ ဈေးနှုန်း ခေါင်ခိုက်နေချိန်မှာ ဒေါ်လာ (500) အောက်နဲ့ ရောင်းချပေးတဲ့ Samsungရဲ့ Tablet ကို ဝယ်ယူအားပေးကြတာ မဆန်းလှပါဘူး။ 16 GB Storage ပါဝင်တဲ့ Tab 10.1 ကို (၄၉၉) ဒေါ်လာ Tab 8.9 ကို(၄၆၉) ဒေါ်လာနဲ့ Tab 7.7 ကို (၄၅၀) ဒေါ်လာ သတ်မှတ် ရောင်းချပေးတာ ဖြစ်ပါတယ်။ အကဲခတ်တွေကတော့ ငါးလက်မ အရွယ် Dell Streak ကို နမူနာယူကာ Galaxy Note ရဲ့ လားရာကို မှန်းဆနေကြပေမယ့် ဆိုဒ်ကြီးကြီး ဖုန်းတွေကို မိုဘိုင်း အင်တာနက် သုံးစွဲဖို့ နှစ်သက်လာကြတဲ့ ဈေးကွက် တောင်းဆိုချက်က Samsung ကို မျက်နှာသာ ပေးမှာပါ။ Google ရဲ့ Motorola မနိုးထလာသေးခင်တော့ Android ဈေးကွက်ထဲမှာ မင်းမူနေဦးမယ့် Samsung ကို နှစ်အတော်ကြာအောင် ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နေလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

1 comment:

  1. ဗဟုသုတ အများကြီးရလိုက်ပါတယ်...။ Android နဲ့ပတ်သက်တာတွေ များများရေးပေးပါဦး..။

    ReplyDelete

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား