img.emoticon { padding: 0; margin: 0; border: 0; }

Tuesday, February 21, 2012

ယခုနှစ်ကားတင်သွင်းမှုမှ အခွန်အရပ်ရပ် ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်ရရှိနိုင်


ယခုနှစ် မော်တော်ယာဉ်တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ တစ်ဘီလျံဝန်းကျင်ထိရှိနေပြီး ယခင်နှစ်ကထက် ငါးဆမြင့်တက်၊ ကားတင်သွင်းမှုမှ အခွန်အရပ်ရပ် ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်ရရှိနိုင်
Wednesday, 22 February 2012 10:30
AddThis Social Bookmark Button
           
ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ်အရ ရောက်ရှိလာသော မော်တော်ယာဉ်များအား တွေ့ရစဉ်
ယခု ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ပမာဏမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ အမေရိကန်ဒေါ်လာ သန်း ၉၇၀ ကျော်ရှိပြီး ကားတင်သွင်းမှုမှရရှိမည့် အခွန်အရပ်ရပ်မှာ ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်ရှိနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

အဆိုပါ အမေရိကန်ဒေါ်လာသန်း ၉၇၀(၁ ဘီလျံဝန်းကျင်)ပမာဏမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ တင်သွင်းထားသည့် ပမာဏမျှသာဖြစ်ပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးရန် ရက်ပေါင်း ၅၀ လိုသေးသည့်အတွက် မတ်လ ၃၁ ရက်နေ့အထိဆိုပါက အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် အထိ ရှိလာနိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ကားဟောင်းများအပ်နှံကာ ကားသစ်အစားထိုး တင်သွင်းခွင့်ပြုခဲ့ပြီး ကားတင်သွင်းသည့်အပေါ် အိမ်စီးကားဆိုပါက ကညနတွင် အခွန် ၁၀၀ ရာခိုင်နှုန်း၊ Customs ဌာနတွင် အခွန် ၄၀ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်အဖြစ် အခွန် ၂၅ ရာခိုင် နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည့်အတွက် ကားတန်ဖိုး၏ ၁၆၅ ရာခိုင်နှုန်းအား အခွန်အရပ်ရပ်အတွက် ပေးဆောင်ရကြောင်း သိရသည်။ လက်ရှိ ပါမစ်ထုတ်ယူပြီး အစီးရေနှင့် မတ်လ ၃၁ ရက်နေ့အထိ တင်သွင်းမည့် ပမာဏအရပျမ်းမျှအနေဖြင့် ကားတင်သွင်းမှုမှ အခွန်အရပ်ရပ် ကျပ်ဘီလျံ ၁၀၀၀ ၀န်းကျင်အထိ ရရှိနိုင်ကြောင်း သိရသည်။

''ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ စာရင်းအရ မော်တော်ယာဉ်နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်း ၉၇၀ ကျော်အထိ ရှိနေပါတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
''ကျွန်တော်တို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ပါမစ်ထုတ်ယူထားတာ အစီးရေ ၂၇၀၀၀ ကျော်ပါပြီ။ Car Sales Center တွေအတွက် တင်သွင်း ခွင့်ပြုထားတာ အစီးရေ ၅၀၀ ရှိပါတယ်။ ဒါကကားဟောင်း လဲလှယ်ရေး အစီအစဉ်အတွက်ပါ။ ဘဏ္ဍာရေး နှစ်ကုန်ဖို့က လိုပါသေးတယ်။ အဲဒီအတွက် ထပ်ပြီးအခုပမာဏထက် တင်သွင်းကြဦးမှာပါ''ဟု OSS အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''အိမ်စီးကားဆို အခွန်အရပ်ရပ် သတ်မှတ်ထားတာက ၁၆၅ ရာခိုင်နှုန်းပါ။ ကညနကို ဆောင်ရတဲ့ ၁၀၀ ရာခိုင်နှုန်းအခွန်ကတော့ လူတိုင်း ၁၀၀ ရာခိုင်နှုန်း မဟုတ်ပါဘူး။ ကားဟောင်းအပ်စဉ်တုန်းက အပ်တဲ့ကားဟောင်းရဲ့ အရည်အသွေးပေါ် မူတည်ပြီး ၃၀ ရာခိုင်နှုန်း သက်သာခွင့်ရတဲ့ အတွက် ကညနကိုတော့ အိမ်စီးကားသွင်းတဲ့ ဘယ်သူမဆို အနိမ့်ဆုံး ၇၀ ရာခိုင်နှုန်းတော့ ပေးရပါတယ်။ အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်မှာလည်း အကောက်ခွန် ၄၀ ရာခိုင်နှုန်းကတော့ ပုံသေပေးရတယ်။ ကုန်သွယ်လုပ်ငန်းခွန်ကတော့ ၂၅ ရာခိုင်နှုန်းကျတော့ အိမ်စီးကားနဲ့ အများသုံးကား ခွဲခြားပြီးပေးရတယ်။ အခုသွင်းတာမှာတော့ အိမ်စီးကားကတော့ အများဆုံးပဲ။ ထားပါတော့ အခုအမေရိကန်ဒေါ်လာ သန်း ၉၇၀ ကျော်ဖိုး တင်သွင်းထားတဲ့အတွက် အခွန်ကိုအနိမ့်ဆုံး ၁၀၀ ရာခိုင်နှုန်းဆောင်ရတယ်ပဲထား၊ အခွန်အရပ်ရပ်အတွက် အမေရိကန် ဒေါ်လာသန်း ၉၇၀ ရပြီ။ ဒါကိုမြန်မာငွေနဲ့ ထုတ်ပြန်ထားတဲ့အတိုင်း တစ်ဒေါ်လာကို ကျပ် ၈၀၀ နဲ့တွက်မယ်ဆိုရင် ကျပ် ဘီလျံ ၈၀၀ လောက်ရပြီ။ ဒါတောင်ဘဏ္ဍာရေးနှစ်ကုန်ဖို့ ရက် ၅၀ လိုသေးတဲ့ အချိန်စာရင်းအရပဲ ရှိသေးတယ်။ နောက်ထပ်တင်သွင်းမယ့် ပမာဏရယ်၊ အခွန်နှုန်းအတိအကျနဲ့ တွက်မယ်ဆိုရင် ဒီနှစ်ကားတင်သွင်းမှုတစ်ခုတည်းကပဲ နိုင်ငံတော်အနေနဲ့ ကျပ် ၁၀၀၀ ဘီလျံဝန်းကျင် ရသွားမယ်လို့ တွက်ချက်ထားပါတယ်''ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ယခင်နှစ်က မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းတင်သွင်းသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၇ သန်းကျော်သာရှိကြောင်း၊ ယခုနှစ်တွင် ဘဏ္ဍာရေးနှစ်ကုန်အထိဆိုပါက အမေရိကန်ဒေါ်လာသန်း ၁၀၀၀(၁ ဘီလျံ) ၀န်းကျင်ရရှိနိုင်၍ ယခင်နှစ်ထက် ၅ ဆ ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကားဟောင်း အစီးရေ ၅၀၀၀၀ နဲ့ သင်္ဘောသား အပါအ၀င် ၂၀၀၇ မော်ဒယ်အထက် တင်သွင်းရမယ့်အပိုင်းက အစီး ၂၀၀၀၀၊ စုစုပေါင်း ၇၀၀၀၀ လောက်သာ တင်သွင်းခဲ့ရင်တော့ ကားတစ်ခုတည်းက ရတဲ့အခွန်ပမာဏနဲ့ ကားပါကင်၊ လမ်း၊ ခုံးကျော်တွေ ဖြစ်သွားနိုင်တဲ့အပြင် ၀န်ထမ်းလစာတိုးတာမျိုးကိုပါ ၀င်ခုပေးလို့ရနိုင် . . .

''လမ်းနဲ့ကား မျှတအောင်၊ ကားပါကင် လုံလောက်အောင် တည်ဆောက်ဖို့အတွက်က အချိန်ယူရဦးမယ့် အနေအထားပါ။ ဒီအခြေအနေကြောင့်လည်း ကားတင်သွင်းခွင့်မူဝါဒက ဒီအတိုင်းပဲ အကန့်အသတ်နဲ့ သွားနေရဦးမယ်လို့ ထင်တယ်။ တစ်ဖက်က ပြန်တွေးရင်တော့ အခုလို နိုင်ငံတော်မှာ ဘတ်ဂျက်မလုံလောက်တဲ့အပေါ် အခုအကန့်အသတ်နဲ့ လုပ်ပေးလိုက်တာက ၀င်ပြီးခုသာခံသာဖြစ်သွားတယ်လို့ တွေးလို့ရပါတယ်။ ကျပ်ဘီလျံ ၁၀၀၀ ဆိုတာက တကယ်တော့ နည်းတဲ့ ပမာဏမဟုတ်ဘူး။ ဒါတောင် အခုတင်သွင်းထားတာက အစီး ၂၀၀၀၀ ၀န်းကျင်တောင် မရှိသေးဘူး။ OSS အဖွဲ့က ခန့်မှန်းထားသလို ကားဟောင်း အစီးရေ ၅၀၀၀၀ နဲ့ သင်္ဘောသား အပါအ၀င် ၂၀၀၇ မော်ဒယ်အထက် တင်သွင်းရမယ့် အပိုင်းက အစီး ၂၀၀၀၀၊ စုစုပေါင်း ၇၀၀၀၀ လောက်သာ တင်သွင်းခဲ့ရင်တော့ ကားတစ်ခုတည်းက ရတဲ့အခွန်ပမာဏနဲ့ ကားပါကင်၊ လမ်း၊ ခုံးကျော်တွေ ဖြစ်သွားနိုင်တဲ့အပြင် ၀န်ထမ်းလစာ တိုးတာမျိုးကိုပါ ၀င်ခုပေးလို့ ရနိုင်သေးတယ်လေ။ အကောက်ခွန်ဦးစီးဌာနကဆိုရင် ကားတစ်စီးကို ဒဏ်ကြေး ကျပ်တစ်သိန်း ရိုက်နေတာ။ အဲဒီဒဏ်ကြေးတင် ဒီဘဏ္ဍာရေးနှစ်မှာ အစီး ၂၀၀၀၀ သွင်းရင် ကျပ် ၂ ဘီလျံရမယ်။ ဒဏ်ကြေးဆိုပေမယ့် ဒီငွေတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာထဲ ထည့်ပြသင့်တယ်။ ဘာလို့လဲဆိုတော့ အစီး ၅၀၀၀၀ သွင်းပြီးတဲ့နေ့ မှာ ကျပ် ၅ ဘီလျံဖြစ်သွားမှာလေ။ ဒါ့အပြင် ဒီဒဏ်ကြေးတွေဟာ အများပြည်သူက အခွန်အဖြစ် သတ်မှတ်ပေးသွင်းထား တာလေ။ တစ်ဖက်က ကားသွင်းခွင့် ကန့်သတ်ထားတာကို မကောင်းဘူးလို့ မြင်လို့ရပေမယ့် လမ်းနဲ့ကား မမျှတတဲ့ ဒဏ်ခံနေရချိန်၊ အခုလို နိုင်ငံတော်ဘတ်ဂျက် အကျပ်အတည်းဖြစ်နေတဲ့ အချိန်မျိုးမှာတော့ အထောက်အကူ အရမ်းဖြစ်တာလက်တွေ့ပဲ။ လာမယ့် ဘဏ္ဍာနှစ်မှာလည်း ကျန်တဲ့ကားတွေ အများအပြား သွင်းဖို့ရှိနေသေးလို့ ထပ်ရနိုင်သေးတယ်''ဟု စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်လုပ်ကိုင်နေသူ ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ၅ နှစ်အတွင်း
တင်သွင်းမှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာရေးနှစ် မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်း
၂၀၀၆-၂၀၀၇ ၉၈ .၉၈၀
၂၀၀၇-၂၀၀၈ ၂၁၃ .၁၈၀
၂၀၀၈-၂၀၀၉ ၄၀၄ .၄၁၀
၂၀၀၉-၂၀၁၀ ၂၄၂ .၅၄၀
၂၀၁၀-၂၀၁၁ ၁၉၇ .၀၈၃
၂၀၁၁-၂၀၁၂ ၉၇၀ ကျော်
မှတ်ချက်။ ။၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ စာရင်းဖြစ်သည်။

No comments:

Post a Comment

လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား