Tuesday, January 10, 2012
အစာနဲ့ဆေး တည့်ရဲ့လာ
ဆေးတစ်မျိုးကို သောက်တော့မယ်ဆိုရင် စားထားတဲ့ အစာနဲ့ တည့်မှတည့်ရဲ့လားလို့ စိုးရိမ်မိတာမျိုး သင်လည်း ဖြစ်ဖူးမှာပါ။ ဟုတ်ပါတယ်။ အစားအသောက် အများစုဟာ သင့်ခန္ဓာကိုယ်ထဲက ဆေးတွေရဲ့ ပမာဏကို တိုးသွားစေတာ ဒါမှမဟုတ် လျော့ကျ သွားစေတာမျိုး ဖြစ်တတ်ပါတယ်။
သတိထားပါ
နံနက်ခင်းမှာ ဆေးသောက်တဲ့အခါ သစ်သီးဖျော်ရည်တွေနဲ့ တွဲမသောက်ပါနဲ့။ ဒီလို တွဲသောက်တာကြောင့် ဓာတ်တုံ့ပြန်မှုကို ဖြစ်စေနိုင်လို့ပါ။ ဆေးတချို့ဟာ သင်စားတဲ့ အစာတချို့ကြောင့် ခန္ဓာကိုယ်က ဆေးစုပ်ယူနိုင်စွမ်းကို လျော့ကျစေနိုင်သလို ထိရောက်မှု နည်းသွားတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ တချို့ အစားအသောက်တွေက ခန္ဓာကိုယ်ရဲ့ ဆေးတွေကို ချေဖျက်တဲ့ဖြစ်စဉ်၊ အသုံးပြုတဲ့ ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်က ဆေးကို အသုံးပြုချိန်မှာ ဘယ်လို အစားအသောက်တွေကြောင့် သက်ရောက်မှု ရှိတယ်ဆိုတာ သိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဂရိတ်ဖရုဖျော်ရည်
ဆေးအများစုဟာ ဂရိတ်ဖရုသီး ဒါမှမဟုတ် ဂရိတ်ဖရု ဖျော်ရည်ကြောင့် အာနိသင် ထိခိုက်မှုရှိပါတယ်။ ဂရိတ်ဖရုသီးမှာပါတဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာ ဆေးတွေကို စုပုံစေနိုင်လို့ပါ။ ဒါကြောင့် အောက်ပါဆေးတွေ သောက်နေချိန်မှာ ဂရိတ်ဖရုသီးနဲ့ ဂရိတ်ဖရု ဖျော်ရည်ကို ရှောင်ကြဉ်ဖို့ ဆေးဝါးပညာရှင်တွေက အကြံပြုထားပါတယ်။
စတေတင်လို့ခေါ်တဲ့ ကိုလက်စထရော ကျစေတဲ့ ဆေးတချို့၊ သွေးတိုးရောဂါ၊ နှလုံးခုန်နှုန်း မမှန်တာနဲ့ တခြား နှလုံးရောဂါတွေကို ကုသရာမှာ သောက်ရတဲ့ ဆေးတချို့ (Oyrm- ဖီလိုဒိုင်ပင်း (Felodipine)၊ နီမိုဒိုင်ပင်း (Nimodipine))၊ ကိုယ်ခံအားကျအောင် ပေးရတဲ့ ဆေးတချို့၊ (ဥပမာ- ဆိုက်ကလိုစပိုရင်း (Cyclosporine)၊ HIV ကုသဆေး Saquinavir)
Tip!
ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို သောက်မယ်ဆိုရင် ဂရိတ်ဖရုသီးနဲ့ တွဲသောက်ဖို့ အဆင်ပြေမှုရှိ၊ မရှိဆိုတာ ဆရာဝန်ကို မေးမြန်း ထားသင့်ပါတယ်။
နွားနို့၊ ဒိန်ချဉ်နှင့် အခြား နို့ထွက်ပစ္စည်းများ အရေပြား ကူးစက်ပိုးဝင်မှု ဒါမှမဟုတ် ဝက်ခြံအတွက် သုံးရတဲ့ ပဋိဇီဝ ပိုးသတ်ဆေး တချို့ကို နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ တွဲမသောက်သင့်ပါဘူး။ ဒီဆေးတွေထဲမှာ တက်ထရာ ဆိုက်ကလင်းနဲ့ ဒေါက်ဆီ ဆိုက်ကလင်းတွေ ပါဝင်နေတတ်ပါတယ်။ ဒီလို ပဋိဇီဝဆေးတွေနဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေကို တွဲသောက်တာက ဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။
Tip!
နို့နဲ့ နို့ထွက်ပစ္စည်း သောက်ပြီး ၂ နာရီအတွင်း ဒါမှမဟုတ် မသောက်ခင် တစ်နာရီအတွင်း တက်ထရာ ဆိုက်ကလင်းနဲ့ ဒေါက်ဆီ ဆိုက်ကလင်းကို မသောက်ပါနဲ့။
ဗီတာမင်ကေ မြင့်မားစွာ ပါဝင်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် အခြားအစားအစာများ ဗီတာမင်ကေဟာ သွေးခဲစေတဲ့ ရှုပ်ထွေးတဲ့ ဖြစ်စဉ်မှာ အရေးပါတဲ့ နေရာက ပါဝင်နေပါတယ်။ ဒါကြောင့် သွေးကျဲစေတဲ့ ဝါဖာရင် (Warfarin) ဆေးကို သောက်နေချိန်မှာ သင်စားတဲ့ အစာထဲ ဗီတာမင်ကေ ဘယ်လောက်များများ ပါသလဲဆိုတာကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ဟင်းနုနယ်၊ မုန်ညင်း၊ တရုတ်နံနံစတဲ့ အရွက်စိမ်းတွေထဲမှာ ဗီတာမင်ကေ အများအပြား ပါဝင်နေပါတယ်။
Tip!
နေ့စဉ် မှီဝဲတဲ့ ဗီတာမင်ကေ ပမာဏက တူညီနေဖို့ လိုပါတယ်။ သင်စားတဲ့ ပုံစံကို ပြောင်းလဲလိုက်ရင် သင့်အနေနဲ့ ဆေးတွေကို ချိန်သောက်ဖို့ လိုပါလိမ့်မယ်။
ကော်ဖီ၊ ကိုလာ၊ လက်ဖက်ရည်၊ စွမ်းအားဖြည့် အချိုရည်နှင့် ကဖင်းဓာတ်ပါသော အစားအသောက်များ
ကဖင်းဓာတ်က စိတ်ကို လှုံ့ဆော်မှု ပေးနိုင်ပါတယ်။ ကဖင်းဓာတ်က နှလုံးခုန်နှုန်း မြန်စေပြီး သင့်ကို ပိုမိုတက်ကြွစေနိုင်ပါတယ်။ တချို့သော ပန်းနာရင်ကျပ် ကုသဆေးတွေက လှုံ့ဆော်မှုပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ အဲဒီဆေးတွေက Albuterol နဲ့ Theophylline တို့ပဲ ဖြစ်ပါတယ်။
Tip!
သင့်အနေနဲ့ ဒီဆေးတွေ သောက်နေချိန်မှာ ကဖင်းဓာတ်ကို လျှော့ချတာနဲ့ ရှောင်တာတွေ ပြုလုပ်ပေးပါ။ ဒါမှသာ ပျို့ချင်အန်ချင်ဖြစ်တာ၊ အန်တာ၊ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တာနဲ့ စိတ်ကို လှုံ့ဆော်မှုပေးတဲ့ တခြားလက္ခဏာတွေ မဖြစ်စေမှာပါ။
ငှက်ပျောသီးနှင့် အခြားပိုတက်စီယမ် ပေါများသော အစားအစာများ
ပိုတက်စီယမ် ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေက သင့်ကျန်းမာရေးအတွက် အမြဲကောင်းမွန်စေပါတယ်။ ကယ်လ်စီယမ် ပါဝင်မှု မြင့်မားတဲ့ အရာတွေက ငှက်ပျောသီး၊ လိမ္မော်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်မျိုးစုံတို့ ဖြစ်ကြပါတယ်။ ဆီးဆေးတချို့ကို သောက်တဲ့သူတွေက ဒီအစာတွေ များများ စားပေးသင့်ပါတယ်။ ဆီးဆေးတွေကတော့ ကလိုရိုသိုင်ယာဇိုက် (Chlorothiazide)၊ ဗြူမီတနိုက်ထ် (Bumetanide)၊ အီသာခရိုင်းနစ်အက်စစ် (Ethacrynic acid)၊ ဖြူရိုဆီးမိုက် (Furosemide) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးတိုးတာနဲ့ နှလုံးထိခိုက်တာကို ကုသရာမှာသုံးတဲ့ ဆီးဆေးတချို့ အပါအဝင် တချို့ဆေးတွေက ပိုတက်စီယမ်ပမာဏ အလွန်အမင်း များပြားစေပါတယ်။ အဲဒီဆေးတွေက Eplerenone၊ Spironolactone နဲ့ Triamterene တို့ပဲ ဖြစ်ပါတယ်။
Tip!
ဆီးဆေးတွေကို မသောက်ခင်မှာ ဆရာဝန်ကို ပိုတက်စီယမ်အကြောင်း မေးမြန်းပါ။
သတိပြုရန်
အစားအသောက် အများစုဟာ ဆေးနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဓာတ်မတည့်မှုဖြစ်နှုန်း လျော့ကျအောင် အောက်ပါတို့ကို လိုက်နာပါ။ ဆေးဘူးပေါ်က အညွှန်းကို သေချာဖတ်ပါ။ သင်သောက်နေတဲ့ ဆေးတွေအကြောင်း (ဖြည့်စွက်ဆေး အပါအဝင်) အသေးစိတ်ကို ဆရာဝန်ထံ မေးမြန်းထားပါ။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား