ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ၁မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ဒီဇင်ဘာ ၃၁
ရက် နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
တံတားဆောက်လုပ်ရေး အထူးစီမံကိန်းအဖွဲ့ (၃)မှ တာဝန်ယူတည်ဆောက်ခဲ့သည့်
ကားလမ်းနှင့် ရထားလမ်း ပူးတွဲပါရှိသည့် မြန်မာနိုင်ငံ၏
အရှည်ဆုံးတံတားကြီးဖြစ်သော ဧရာဝတီတံတား (ပခုက္ကူ) ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးက အမှာစကားပြောကြားရာတွင်- ဧရာဝတီတံတား
(ပခုက္ကူ)ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၁
ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊
ဤတံတားကြီးသည် ကားလမ်းနှင့် မီးရထားလမ်းပါ ပူးတွဲတည်ဆောက်ထားခြင်းဖြစ်ပြီး
တံတားကြီး၏ ပင်မတံတားအရှည် ၁၁၄၃၁ ပေ၊ ကားလမ်းတံတားအရှည် စုစုပေါင်း ၁၃၅၃၇
ပေ၊ မီးရထားလမ်းတံတားအရှည် စုစုပေါင်း ၂၀၅၉၇ ပေ ရှိပါကြောင်း၊ ဧရာဝတီ
မြစ်ကူးတံတားကြီးများအနက် အရှည်ဆုံး ဧရာဝတီမြစ်ကူးတံတားဖြစ်ပါကြောင်း။
ယခုလို တံတားကြီးကို တည်ဆောက်ပြီးစီးခြင်းကြောင့် ဧရာဝတီမြစ်
အနောက်ဘက်ခြမ်းရှိ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊
စစ်ကိုင်းတိုင်းဒေသကြီးတို့၏ ဒေသများနှင့်
ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသများသို့ တစ်ဆက်တစ်စပ်တည်း လွယ်ကူစွာ
သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်က ဧရာဝတီမြစ်ကို ဇက်ရေယာဉ်များဖြင့်
ဖြတ်သန်းကြရာတွင် အချိန်တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ရာမှ ယခုဆိုလျှင်
မိနစ်ပိုင်းနှင့် အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်ပါကြောင်း၊
ရေရှည်တွင် ဤတံတားကို ဖြတ်သန်း၍ အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံဆက်
လမ်းမကြီးများ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ပါ
ဆက်စပ်ပေးမည့် အဓိက အရှေ့အနောက်ဆက်သွယ်ရေး လမ်းမကြီးများ
ပေါ်ပေါက်လာတော့မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်
ဒေသတိုင်းဒေသတိုင်း တစ်ပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊
ဆင်းရဲမှုလျော့နည်းပပျောက်မှု စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင်
ယခု လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် ဤရည်မှန်းချက်ကို
တစ်ဖက်တစ်လမ်းက ပံ့ပိုးအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်းဖြင့်
ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားပါသည်။
၂၀၁၂
ခုနှစ်အတွင်း အရင်းအနှီးဈေးကွက် ဖော်ဆောင်ရေး ဒုတိယအဆင့် စီမံချက်အရ
နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ရွေးချယ်ကာ အများပြည်သူကို
အစုရှယ်ယာများ ထုတ်ရောင်းမည် ။ မြို့တော်စည်ပင် သာယာရေးအဖွဲ့များက
ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
"၂၀၁၂
အတွင်းမှာငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေအတည်ပြု
ပြဋ္ဌာန်းဖို့ရှိတယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတချို့ကို ရွေးချယ်ပြီး
အစုရှယ်ယာတွေ ထုတ်ရောင်းမယ်။ မြို့တော်စည်ပင် သာယာရေး အဖွဲ့အစည်းတွေကလည်း
ငွေချေးစာချုပ် ထုတ်ဝေရောင်းချသွားဖို့ ရှိပါတယ်။ ၂၀၁၂ အထိက ဒုတိယအဆင့်
စီမံချက်ထဲမှာ ပါဝင်နေတယ်။ စီမံချက်အတိုင်းဝင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅
မှာ စတော့အိပ်ချိန်း တည်ထောင်ပြီး အာဆီယံ အရင်းအနှီးဈေးကွက်ဆိုင်ရာ
ဖိုရမ်က သတ်မှတ်ထားတဲ့အချိန် ကန့်သတ်ချက်အတိုင်း တစ်ခုတည်းသော အာဆီယံ
အရင်းအနှီးဈေးကွက်မှာ ၀င်ချိတ်ဆက်သွားရမှာပါ။ လုပ်ဆောင်ရမယ့် အရာတွေကို
အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်" ဟု ပညာရှင်တစ်ဦးက
ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ တွင် စတော့အိပ်ချိန်း စတင်နိုင်ရန်
ရည်ရွယ်ထားကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စတင်တည်ထောင်သွားမည်ဟု
သိရပါသည်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနေဖြင့် လိုအပ်သော
အရင်းအနှီးကို အရင်းအနှီးဈေးကွက်မှတစ်ဆင့် စုစည်းသွားခြင်းဖြင့်
နိုင်ငံတော်ဘတ်ဂျက်မှ စိုက်ထုတ်ရခြင်း နည်းပါးနိုင်သောကြောင့်
ဘတ်ဂျက်ဝန်ထုပ်ဝန်ပိုး လျော့နည်းသွားနိုင်ပြီး မြို့တော်စည်ပင် သာယာရေး
အဖွဲ့အစည်းများမှ ငွေချေးစာချုပ် ထုတ်ဝေရောင်းချခြင်းဖြင့်
စိုက်ထုတ်ကျခံထားရမည့် ဘဏ္ဍာငွေ ပမာဏနေရာတွင် အများပြည်သူထံမှ ချေးယူထားသည့်
ငွေကြေးများဖြင့် လုပ်ငန်းလည်ပတ်သွားနိုင်မည်ဟု သတင်းရရှိပါသည်။ ထို့ပြင်
၂၀၁၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ
ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး
ကြားခံအကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management
ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၎
ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment
လာကြည့်ခဲ့ ကြောင်းပြောခဲ့ ပါ - လေးစားစွာဖြင့် - လယ်ဝေးသား